By Western News/ 2021 July 21

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာမှ လူငယ်တစ်ဦး ယနေ့ ဇူလိုင် ၂၁ ရက် ၁၂ နာရီခန့်က တောထဲသို့ ကြက်ကိုင်းဖြုတ်ရန်သွားစဉ်မိုင်းထိမှန်၍ ခြေထောက်တစ်ဖက်ပြတ်သွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ကပြောသည်။
မိုင်းထိမှန်သူမှာ အသက် ၁၆ နှစ်အရွယ် မောင်ဦးဘမောင်ဖြစ်ပြီး ညာဖက်ခြေထောက်ဒူးဆစ်အောက်မှ ပြတ်ထွက်သွားပြီး ဘယ်ဖက်ခြေထောက်တွင်လည်းပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ မိုင်းထိမှန်ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် မောင်ဦးဘမောင်မှာ ယနေ့ နံနက် ၁၂ နာရီခန့်က မြတ်လှဲနှင့်ဆင်သီ ကျေးရွာကြားတွင်ရှိသည့် နတ်ရေကြိုင်နေရာသို့ ကြက်ကိုင်းဖြုတ်ရန်သွားစဉ်မိုင်းထိမှန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလပြည့်အောင်က Western News ကိုပြောသည်။
“ကျနော်တို့ရွာကဆိုရင် ၁ နာရီကျော်လောက်သွားရပြီး မြတ်လှဲနဲ့ဆင်သီကြားမှာရှိတဲ့ နတ်ရေကြိုင်ဆိုတဲ့နေရာကို ကြက်ကိုင်းဖြုတ်ဖို့သွားတာ။ အဖော်လည်းမပါဘူး။ တယောက်တည်းသွားတာ။ မိုင်းထိတယ်။ ညာဖက်ခြေထောက် ဒူးဆစ် အောက်က ပြတ်သွားတယ်။ ဘယ်ဖက်ခြေထောက်မှာလည်း ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်။ ကျန်တဲ့နေရာတွေ မှာတော့ ဒဏ်ရာရတာမရှိဘူး”ဟုပြောသည်။
လက်ရှိတွင် အဆိုပါမိုင်းထိမှန်လူနာအား ယိုးတရုတ်ဆေးရုံတွင်ဆေးကုသမှုခံယူနေပြီး စစ်တွေပြည်သူ့ဆေးရုံသို့ယူရန် ပြင်ဆင်နေကြောင်းလည်းသိရသည်။
လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၄ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၈၂ ဦးထိရှိနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ၏စာရင်းမှတ်တမ်းများ အရသိရသည်။
https://www.facebook.com/westernnewsagency/posts/334300778376433