ပုဏ္ဏားကျွန်းတွင် ဆေးရုံလာပို့သည့် သေဆုံးနေသူအား စစ်ဆေးရာ ကိုဗစ်ပိုးတွေ့

By Western News/ 2021 July 25

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပြည်သူ့ဆေးရုံတွင် ဇူလိုင်၂၅ ရက်က ဆေးရုံးလာပို့သည့် သေဆုံးနေသူအား စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်းမြို့နယ်ကျန်းမာရေးဦးစီဌာနမှ ပြောသည်။

သေဆုံးသူမှာ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရူကြပ်၍ ပုဏ္ဏားကျွန်းဆေးရုံးသို့ လာပြရာမှ လမ်းတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု မြို့နယ်ဆေးရုံအုပ် ဒေါက်တာအောင်စစ်ထွန်းက Western News ကိုအတည်ပြုသည်။

“ကိုဗစ်ကြောင့်ဆုံးသွားတာပါ။ သူက အိမ်မှာဖျားတယ်။ ချောင်းဆိုးတယ်။ အသက်ရှုကြပ်တယ်။ အဲ့ဒါကြောင့် ဆေးရုံကို လာပို့တယ်။ လမ်းမှာ ဆုံးပါတယ်။ ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး။ အဲ့ဒီမှာ နှာခေါင်းတို့ဖက်ယူတော့ ကိုဗစ်ပိုးတွေ့တယ်”ဟုပြောသည်။

သေဆုံးသွားသည့်သည် ပုဏ္ဏားကျွန်းမြို့နယ် ဒိပ္ပကျေးရွာမှ အသက် ၅၄ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ကြောင်းသိရသည်။ ပုဏ္ဏားကျွန်းမြို့ဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာ ၃၂ ယောက်ရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၁၁ ယောက်အထိရှိသည်ဟု မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုကြောင့် ကိုဗစ်ဖြင့်သေဆုံးသူ ၃ ဦးရှိပြီး စစ်တွေဆေးရုံတွင်၂ ဦးနှင့် ပုဏ္ဏားကျွန်းဆေးရုံတွင်တစ်ဦးတို့ဖြစ်ကြသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ဇူလိုင်လ ၂၃ ရက် ညနေ ၅ နာရီအချိန်ထိ ကိုဗစ်ကြောင့်သေဆုံးသူ ၉၃ ဦးနှင့် ကိုဗစ်ပိုးကူးစက်ခံရသူ ၂၀၂၇ ဦးထိရှိလာပြီး ယင်းအထဲမှ ၁၂၂၂ ဦးမှာ ဆေးရုံမှဆင်းခွင့်ရရှိကာ ဆေးကုသမှုခံယူနေရသူ ၈၀၅ ဦးရှိကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

https://www.facebook.com/westernnewsagency/posts/336764244796753

Leave a Reply

Your email address will not be published.