ပလက်ဝတွင် ကိုဗစ်ကူးစက်သူ ယခုထက်ပိုများလာပါက ကျန်းမာရေးဝန်ထမ်းများ အခက်အခဲဖြစ်လာနိုင်ကြောင်းပြော

By Development Media Group (DMG)/ July 28

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၂၃၄ ဦးထိ ရှိလာနေပြီး ယင်းအထဲတွင် ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်နေကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းများမှာ ကိုဗစ်အတည်ပြုလူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှတဆင့် ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းကဲ့သို့ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ပိုးကူးစက်ခံထားရခြင်းကြောင့် ကျန်သည့်ကျန်းမာရေးဝန်ထမ်းများဖြင့် ကိုဗစ်လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေရပြီး positive လူနာ ယခုထက်များလာပါ ဝန်ထမ်းအခက်အခဲ ဖြစ်လာနိုင်သည်ဟု ပလက်ဝမြို့နယ် ကျန်းမာရေးဌာနမှူး ဒေါက်တာစိုးသက်ဝင်းကပြောသည်။

“ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကူးစက်ခံနေရတာလည်း ပါတာပေါ့။ လတ်တလောမှာတော့ ရှိတဲ့သူတွေနဲ့ run လို့ ရနေသေးတယ်။ ရှိတဲ့လူတွေနဲ့ပဲ run နေရတာဆိုတော့ ပိုပြီးပင်ပန်းကြတယ်။ ပိုးကူးစက်သူများလာရင်တော့ အခက်အခဲဖြစ်လာနိုင်တယ်”ဟု ၎င်းကဆိုသည်။

ပလက်ဝဆေးရုံတွင် ကုတင် ၅၀ သာဆံ့သည့်အတွက် ကိုဗစ် positive လူနာများကို စာသင်ကျောင်းများတွင် ခွဲထားကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားကြောင်းလည်း သိရသည်။

ပလက်ဝတွင် ကိုဗစ်ကူးစက်သူများလာသည့်အတွက် ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းချက်ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်ရန်မှ ကာကွယ်ကြရန်လည်း ကျန်းမာရေးမှူးက တိုက်တွန်းလးပြောဆိုသည်။

လက်ရှိ stay at home ကာလမှာ ရောဂါကူးစက်ခြင်းနှင့်အတူ ကုန်ဈေးနှုန်းတက်ခြင်း၊ ဆေးဝါးနှင့်ကုန်ပစ္စည်းများ ပြတ်လပ်မည်ကိုလည်း စိုးရိမ်နေသည်ဟု ပလက်ဝဒေသခံ ဦးအောင်အောင်ကပြောသည်။

“ဆိုင်ပိုင်ရှင်တွေ ကျောက်တော်ဖက်ကို ဆိုင်ဝန်တွေဝယ်ဖို့မသွားရဘူး။ အခုတောင် ပစ္စည်းတွေပြတ်နေပြီ။ ဆေးတွေလည်း ရှားနေပြီ။ ပါရာစီတာမော့တစ်ကဒ်ကို ၁၀၀၀ ဖြစ်နေပြီ။ ကြက်ဥဆိုရင်လည်း တစ်ထောင်ဖိုး ၃ လုံးပဲရပြီ။ ဆန်ဈေးတွေလည်း တက်နေတယ်။ နောက်ဆိုရင်ဒီထက်ပိုပြီးတော့ အခက်အခဲ ဖြစ်လာမယ်။ ကျနော်တို့ပလက်ဝမြို့အတွက် သက်ဆိုင်ရာလူကြီးတွေအနေနဲ့ တခုခုကြိုတင်ပြီးလုပ်ဆောင်ဖို့တော့ လိုအပ်ပါတယ်” ဟု ဆိုသည်။

ပလက်ဝမြို့ဒေသခံများမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အဓိကအားထားပြီး ဝယ်ယူစားသုံးနေရခြင်းဖြစ်သည့်အတွက် ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိသေးသည့်အချိန်တွင် ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်ဟု ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးကို DMG မှဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ပလက်ဝတွင် ဇူလိုင် ၂၇ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ၂၃၄ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၉၀ ဦးနှင့် သေဆုံးသူ ၁ ဦးရှိကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2071623786323355

Leave a Reply

Your email address will not be published.