By Development Media Group (DMG)/ July 9
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗွီဒီယိုအွန်လိုင်းစနစ်(Video Conferencing)ဖြင့် ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။
ယနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်ပြီး ဦးညီပုအား အပြစ် ရှိ/မရှိမေးမြန်းရာတွင် ၎င်းကအပြစ်မရှိကြောင်း ထွက်ဆိုခဲ့သော်လည်း အမှုနှင့်ပတ်သက်၍ တရားရုံးမှ ကျုးလွန်ကြောင်းယူဆသည့်အတွက် စွဲချက်တင် လိုက်ခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။
“ဒီနေ့မှာ သူ့ကို ၅၀၅(ခ) နဲ့ စွဲချက်တင်တယ်။ စွဲချက်တင်တယ်ဆိုတာက အမှုပေါ်ပေါက်ချက်တွေအရ ဦးညီပုကို စွဲဆိုထားတဲ့အမှုမှာ ကျုးလွန်ကြောင်းယူဆတဲ့အတွက် တရားရုံးက စွဲချက်တင်တယ်။ ဦးညီပုက တရားရုံးမှာ အပြစ်မရှိကြောင်းပြောဆိုတယ်” ဟု ဦးအောင်စစ်မင်းက ပြောသည်။
အမှုနှင့်ပတ်သက်ပြီး လာမည့် ဇူလိုင်လ ၂၂ ရက်နေ့ကို ရုံးချိန်းထားပြီး ယင်းနေ့တွင် ယခင်စစ်ဆေးခဲ့သည့် တရားလိုပြသက်သေများကို ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း ဦးအောင်စစ်မင်းက ပြောသည်။
ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းမှ တရားလို ပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ) ဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးညီပုမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေငြာချက်နှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
ဦးညီပုအား စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ) သည် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ် အထိ ချမှတ်ခံရနိုင်သည်။
လက်ရှိတွင် ဦးညီပုမှာ တပ်နယ်မြေတစ်ခုတွင် ထိန်းသိမ်းခံထားရပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း တွေ့ရသည်ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။
https://www.facebook.com/dmgnewsagency/posts/2057051247780609