တောင်ကုတ် NLD အမတ်ဟောင်းဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို ငြိမ်းစုစီနှင့် ဘေးစီမံ ပုဒ်မများဖြင့် စွဲချက်တင်

By Narinjara/ 2021 July 26

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် NLD အမတ်ဟောင်း ဦးမင်းအောင်နှင့် အဖွဲ့ဝင်ကိုသန့်ဇင်ဖြိုးတို့ နှစ်ဦးကို ယနေ့ဇူလိုင် ၂၆ ရက်နေ့ နံနက် ၁၁နာရီက ဗွီဒီယိုအွန်လိုင်းမှတဆင့် တောင်ကုတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီး ငြိမ်းစုစီပုဒ်မ(၁၉)နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဥပဒေပုဒ်မ(၂၅) ဖြင့် စွဲချက်တင်လိုက်ကြောင်း ဦးမင်းအောင်၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ ကိုမင်းအောင်က အခုထက်ထိတပ်ထဲမှာ ထိန်းသိမ်းခံထားရတုန်းပါပဲ။ ဒါကြောင့် ဗွီဒီယိုအွန်လိုင်းကနေဘဲ စစ်ပါတယ်။ ကိုသန့်ဇင်ဖြိုးကတော့ ကျန်းမာရေးမကောင်းလို့ ဆေးကုသမှုခံယူဖို့ အာမခံနဲ့နေအိမ်မှာပဲနေရပါတယ်။ ဒီနေ့ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်တာပါ။ ကိုမင်းအောင်ကတော့ အခုထိ သူ့ရှေ့နေနဲ့တွေ့ခွင့်မရသေးပါဘူး။သူ့အနေနဲ့ ရှေ့နေနဲ့ တွေ့ချင်တယ်လို့လည်း သိရပါတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်အား ဖုန်းဖြင့်ဆက်သွယ်ရာ သူမမှာ နောက်ထပ် တရားခွင်ထဲတွင်ရောက်ရှိနေသဖြင့် ဖြေကြားရန် အဆင် မပြေသေးကြောင်း ပြန်လည်ပြောဆိုသည်။

တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ၎င်းကိစ္စမှာ ဟုတ်မှန်သည်ကို ကြားသိရကြောင်း ပြောသည်။

“ အမှုကို ဗွီဒီယိုအွန်လိုင်းက စွဲချက်တင်တယ်လို့ကြားပါတယ်။ ငြိမ်းစုစီနဲ့ ဘေးစီမံနဲ့ပါ။ ကျွန်တော်ကိုလည်း ဘေးစီမံ ၂၅ နဲ့စွဲထားတာပါ။ ကျန်းမာရေး မကောင်းလို့ အာမခံနဲ့ အမှု ရင်ဆိုင်နေရပါတယ်။ ကျွန်တော် သိသလောက်ကတော့ ဒီပုဒ်မတွေနဲ့ဆိုရင် ထောင်ဒဏ် ၁ နှစ်ချနိုင်တဲ့ ပုဒ်မလို့သိရတယ်။ ကျွန်တော်တို့က ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ဆိုတော့။ ဥပမာ ကျွန်တော်တို့က “က” ကြီးလို့ရေးထားရင် သူတို့က “ယ”လို့ မြင်ချင်လည်း မြင်မှာပေါ့။ အဲဒါတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး” ဟုပြောသည်။

၎င်းဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်တပ်အာဏာ သိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြရာမှ ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီးနောက် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

https://www.facebook.com/narinjara.info/posts/4529359930409382

Leave a Reply

Your email address will not be published.