By Narinjara/ 2021 July 31
သန္တာကျော်ဇော
တောင်ကုတ်မြို့ရှိ မိုးထိချမ်းသာကုမ္ပဏီလီမိတက်မှ ရခိုင်ပြည်နယ်အတွင်း ကိုယ်ထူကိုယ်ထ တည်ဆောက်မည့် အောက်စီဂျင်စက်ရုံတစ်ရုံချင်းစီကို ငွေကျပ် ၁၀ သိန်းစီ ကူညီ ထောက်ပံ့မှု ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
“တစ်ချို့ကလည်း ဆက်သွယ်လို့အဆင်ပြေတယ်၊ တစ်ချို့ကလည်း အဆက်အသွယ်မရသေးဘူး။ ဆက်သွယ်လို့ရထားတာတော့ ၁၂ခု လောက်ရှိပြီပေါ့နော်။ ဆယ်သွယ်လို့ရတဲ့ စက်ရုံတွေကိုတော့ တနင်္လာနေ့ကနေစပြီး ဘဏ်အကောင့်ကတစ်ဆင့် သေချာစိစစ်ပြီးလှူဒါန်းပေးသွားမှာပါ”ဟု ဦးမြင့်သောင်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ တည်ဆောက်မည့် စက်ရုံများအတွက်သာမက ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် တည်ဆောက်မည့် အောက်စီဂျင် စက်ရုံအတွက် ထောက်ပံ့ကူညီမည်ဟု ဆိုသည်။
“ ရခိုင်ပြည်နယ်မှာရှိတဲ့ အောက်စီဂျင်စက်ရုံအားလုံးအပါအဝင် ချင်းပြည်နယ်ပလက်ဝမှာ တည်ဆောက်ဖို့လုပ်နေတဲ့ အောက်စီဂျင်စက်ရုံအတွက်လည်း ကျွန်တော်တတ်နိုင်သလောက် ဆယ်သိန်းစီလှူဒါန်းပေးသွားမှာပါ။ လူတွေရဲ့အခက်အခဲတွေကြုံတွေ့နေရတဲ့ဘဝကို ကြည့်ရတာအင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်ပေါ့နော်။ အဲဒါကြောင့် ကိုယ့်မှာရှိတာနဲ့ တတ်နိုင်သလောက် ကူညီအားဖြည့်ပြီး ပါဝင်လှူဒါန်းဖြစ်တာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဆက်သွယ်လို့ရထားသည့် မြို့နယ်များမှာ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်၊ ပလက်ဝ၊ ရသေ့တောင်၊ ဘူးသီးတောင် တို့ဖြစ်ပြီး ကျန်မြို့နယ်များကိုလည်း ဆက်သွယ်ဆောင်ရွက်ပြီး ထောက်ပံ့မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်လူနာများအတွက် အောက်စီဂျင်ဘူးများ အထူးလိုအပ်နေရာ ဒေသအတွင်းက လူမှုရေးလှုပ်ရှားသူများနှင့် စေတနာရှင်များက ကိုယ်ထူကိုယ်ထစနစ်ဖြင့်အောက်စီဂျင်စက်ရုံများ တည်ဆောက်လုပ်ရန်ကြိုးပမ်းနေကြသည်။
လက်ရှိတွင် မြောက်ဦးဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ ထည့်ဝင်ငွေဖြင့် တည်ဆောက်သော မြောက်ဦးအောက်စီဂျင် စက်ရုံမှာ စတင်လည်ပတ်နေပြီ ဖြစ်ပြီး တစ်နေ့ကို 40L အောက်စီဂျင်ဘူး ၄၀ ထိ ထုတ်လုပ်နေပြီဟု သိရသည်။
https://www.facebook.com/narinjara.info/posts/4543944098950965