တောင်ကုတ်မြို့၌ ကိုဗစ်လူနာတစ်ဦး ထပ်မံသေဆုံး၊ ရခိုင်တွင်သေဆုံးသူ ၃၁ ဦးရှိလာ

By Narinjara/ 2021 July 16

ဆောင်းဇာခြည်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ကိုဗစ်လူနာတစ်ဦး ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးဖြစ်ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ပြောသည်။

“ဆေးရုံမှာ ဆုံးတာပါ။ သူ့ဆီမှာ ကိုဗစ်ပိုးတွေ့တာက ဇူလိုင်လ ၁၁ ရက်နေ့ကပေါ့။ အဲဒီနေ့ကတည်းက သူ့အိမ်ကို လော့ဒေါင်းချထားတာ ဒီနေ့အထိပေါ့။ ဒီနေ့ နေ့ခင်းက ဆေးရုံက ကျွန်တော့်ဆီ ဖုန်းဆက်လာတယ် သူဆုံးပြီဆိုပြီးတော့” ဟု ပြောသည်။

သေဆုံးသူတွင် ရောဂါအခံရှိ/မရှိ သိလို၍ တောင်ကုတ်ဆေးရုံမှ ဒေါက်တာလှထွန်းဇော်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

တောင်ကုတ်မြို့တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ စုစုပေါင်း ၉ ဦးရှိသွားပြီဖြစ်ပြီး ရခိုင်တစ်ပြည်နယ်လုံးတွင် ၃၁ ဦးရှိသွားပြီဟု သိရသည်။

ယနေ့ကျောက်ဖြူမြို့နယ် စနဲမြို့တွင် နေအိမ်တွင် သေဆုံးသူ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၁၀၀ ခန့်ရှိသွားပြီဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4500198086658900

Leave a Reply

Your email address will not be published.