By Western News/ 2021 July 20
ကိုဗစ်တတိယလှိုင်းအတွင် ကိုဗစ်အတည်ပြုလူနာများနှင့် ကိုဗစ်ကြောင့်သေဆုံးမှုများပြားလာနေသည့် ရခိုင်ပြည်နယ်တွင် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် တောင်ကုတ်ပြည်သူ့ဆေးရုံနှင့် သံတွဲပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်ဘူးများ နေ့စဉ်ပို့ပေးနေကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြောသည်။
သို့သော်လည်း ရခိုင်ပြည်နယ် မြို့နယ်ဆေးရုံးအချို့တွင် အောက်ဆီဂျင်များပြတ်တောက်မှုများရှိနေပြီး ယင်းအထဲတွင် တောင်ကုတ်ဆေးရုံတွင် အောက်ဆီဂျင်များ လုံလောက်မှုမရှိကြောင်း တာဝန်ကျဆရာဝန်များက ပြောဆိုထားသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် သံတွဲနှင့်တောင်ကုတ်မြို့များသို့ ဇူလိုင် ၁၉ ရက်နေ့ ယမန်နေ့ကလည်း အောက်ဆီဂျင် ၄၀ လီတာဆန့် အလုံးရေ ၁၅၀ ပို့ဆောင်ခဲ့ပြီး ယနေ့ဇူလိုင် ၂၀ ရက်နေ့တွင်လည်း ထပ်မံပို့ဆောင်ထားကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ က Western News ကို ယနေ့ညနေပိုင်းတွင် ပြောသည်။
“သံတွဲနဲ့ တောင်ကုတ်ကို အဲဒီဖက်ကိုတောက်လျှောက်ပို့တာ။ မနေ့က အလုံး ၁၅၀ ရတယ်။ တောင်ကုတ်ဆေးရုံမှာ ၆၀ ထားတယ်။ သံတွဲဆေးရုံမှာ ၉၀ ထားခဲ့တယ်။ ဆိုတော့ သံတွဲက အောက်ဆီဂျင်ဘူး ၉၀ ထဲက ဒီဖက်ကို အလုံး ၄၀ ယူလာတယ်။ ဒီနေ့လည်း အလုံး ၁၅၀ ထပ်ရောက်တာကို တောင်ကုတ်ဆေးရုံမှာ ၆၀ ထားခဲ့တယ်” ဟုပြောသည်။
ယင်းအပြင် ပြည်သူများအနေဖြင့် အောက်ဆီဂျင်ပြတ်လပ်မှုကို စိုးရိမ်စရာမလိုကြောင်းနှင့် စစ်တွေပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင် လိုအပ်လျှင်လည်း ယူဆောင်ပေးကြောင်း ဗိုလ်မှူးကြီးကျော်သူရက ဆက်လက်ပြောဆိုသည်။“စိုးရိမ်စရာမလိုဘူး။ မှန်တယ်။ မှန်တယ်။ တောက်လျှောက်နေ့စဉ် ၁၅၀ ပို့ပေးနေတယ်။ စစ်တွေမှာကျတော့ ဒီဖက်ကနေပြီး လိုတယ်ဆိုရင် သံတွဲနဲ့ဟိုဖက်လမ်းကြောင်းက သယ်တာနီးတဲ့အခါကျတော့ သံတွဲနဲ့တောင်ကုတ်မှာထားတယ်။ စစ်တွေမှာ လိုအပ်တယ်ဆိုရင်လည်း ယူတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ကုသရေးအထောက်ကူပြုပစ္စည်းဖြစ်သည့် အောက်စီဂျင်နှင့် Mask အလုံ လောက်ရှိပြီး ပြည်သူများအနေဖြင့် စိုးရိမ်စရာ မရှိကြောင်း ဇူလိုင် ၁၄ ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကိုပြောဆိုခဲ့သည်။
သို့သော်လည်း ဇူလိုင်လ ၁၉ ရက်နေ့ထိ ကိုဗစ်ကြောင့် သေဆုံးသူ သံတွဲဆေးရုံတွင် ၈ ဦးနှင့် တောင်ကုတ်ဆေးရုံတွင် ၁၈ ဦးထိရှိပြီး တာဝန်ကျဆေးရုံဝန်ထမ်းများကလည်း အောက်ဆီဂျင်ပြတ်လတ်မှုရှိကြောင်း ဒေသတွင်းမီဒီယာများကို ပြောဆိုထားသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားမှုနှင့် ကိုဗစ်ကြောင့်သေဆုံးသည့် လူနာများမှာ နေ့စဉ်ဆိုသလိုမြှင့်တက်လျှက်ရှိနေပြီး ကိုဗစ်ကူးစက်ခံရသူ ၁၅၀၀ ကျော်နှင့် ကိုဗစ်ကြောင့် သေဆုံးသူ ၅၀ ကျော်ထိရှိလာပြီလည်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/333773398429171