တောင်ကုတ်တွင် အောက်ဆီဂျင် မလုံလောက်ဖြစ်နေ၊ ရခိုင်တွင် ကိုဗစ်လူနာတိုးလာလျှင် အခက်ကြုံနိုင်ခြေရှိ

By Western News/ 2021 July 16

ဓာတ်ပုံ- AFP

ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားမှုမြင့်တက်လာပြီးနောက် အောက်ဆီဂျင်များလည်း ယခင်ကထက်ပိုမိုလိုအပ်ချက်ရှိလာကာ ယခုအခြေအနေထက် အောက်ဆီဂျင်လိုအပ်ချက်ပိုရှိလာလျှင် အခက်ကြုံရနိုင်ခြေရှိကြောင်း ဒေသဆရာဝန်များ၏ ပြောကြားချက်အရသိရသည်။

ဘူးသီးတောင်မြို့နယ်တွင် လက်ရှိအချိန်၌ အောက်ဆီဂျင်နှင့်လူနာ မျှတနေသော်လည်း အောက်ဆီဂျင်လိုအပ်သည့်လူနာများ ထပ်တိုးလာလျှင် လုံလောက်မှုရှိမည်မဟုတ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်း ကပြောသည်။

“ခုလောလောဆယ်အခြေနေကတော့ အဆင်ပြေနေသေးတယ်။ ဒီထက်တိုးလာရင်တော့ လုံလောက်မှုရှိမှာမဟုတ်ဘူး။ လူနာအခြေအနေပေါ်မှာလည်းမူတည်တာပေါ့” ဟုပြောသည်။

ဘူးသီးတောင်မြို့တွင် အောက်ဆီဂျင်လိုအပ်ချက်ရှိလျှင် စစ်တွေမြို့မှယူပြီးသုံးစွဲရပြီး မလုံလောက်၍ ဝယ်ယူသုံးစွဲရသည်များလည်း ရှိကြောင်း ဆရာဝန်ကြီးကဆက်ပြောသည်။

တောင်ကုတ်မြို့နယ်တွင်လည်း အောက်ဆီဂျင်ပေးရသည့် လူနာများတိုးလာ၍ အောက်ဆီဂျင်မလုံလောက်ဖြစ်နေကြောင်း တောင်ကုတ်ဆရာဝန်ကြီး ဒေါက်တာလှထွန်းဇော် မှပြောသည်။“အောက်ဆီဂျင်ကမလုံလောက်ဘူး။ လုပ်နေရတဲ့လူတွေပဲသိတယ်” ဟုဆိုသည်။

လက်ရှိတွင် တောင်ကုတ်ဆေးရုံကြီး၌ ကိုဗစ်ရောဂါဖြစ်ပွားနေသောကုသဆဲလူနာ ၂၇ ဦးထိရှိပြီး သေဆုံးသူ ၈ ဦးထိရှိပြီဖြစ်ကာ အောက်ဆီဂျင်လိုအပ်ချက်များလည်း များပြားနေကြောင်းသိရသည်။

ကိုဗစ်ရောဂါအခြေအနေကြောင့် အောက်ဆီဂျင်အခက်ခဲကြုံရနိုင်ခြေကိုခန့်မှန်း၍ ရခိုင်ရှိမြို့နယ်တိုင်းလိုလိုတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အောက်ဆီဂျင်စက်ရုံများ တည်ဆောက်ရန် ကြိုးပမ်းလာနေကြသည်။ ရခိုင်ပြည်နည်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း အောက်ဆီဂျင်လိုအပ်ချက်နှင့်ပတ်သက်၍ စိုးရိမ်စရာမလိုကြောင်း လုံလောက်အောင်ဆောက်ရွက်ထားကြောင်း ပြောကြားထားသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်း ၂ လကျော်အတွင်း ရောဂါပိုးတွေ့ရှိသူများမြင့်တက်လာနေပြီး လက်ရှိတွင် အတည်ပြုလူနာ ၁၂၀၀ နီးပါထိရှိလာပြီဖြစ်ကာ ပိုးကူးစက်ခံရပြီးသေဆုံးသူ ဇူလိုင် ၁ ၅ ရက်နေ့ ညနေပိုင်းအထိ ၂၆ ဦးထိရှိပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

https://www.facebook.com/westernnewsagency/posts/331074725365705

Leave a Reply

Your email address will not be published.