တောင်ကုတ်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံ‌သေဆုံး၊ အောက်ဆီဂျင်လုံလောက်မှုမရှိဖြစ်နေဟုဆို

By Western News/ 2021 July 20

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့၌ ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံ‌သေဆုံးကြောင်းနှင့် ဆေးရုံတွင်အောက်ဆီဂျင်လုံလောက်မှုမရှိဖြစ်နေကြောင်း တောင်ကုတ်ကျန်းမာရေးဌာနမှ‌ေပြောသည်။

သေဆုံးသူမှာ အစာအိမ်ရောဂါခံရှိပြီး အသက် ၆၆ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း တောင်ကုတ်ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်ခင်ဆန်းယဉ်မှ Western News ကိုပြောသည်။

“လူနာက အစာအိမ်ရောဂါရှိတယ်။ အသက် ၆၆ နှစ်ရှိတဲ့အမျိုးသမီးတစ်ဦးပါ။ သူဆုံးတာက ဒီနေ့နေ့လည် ၂ နာရီခွဲ လောက်မှာ ဆုံးသွားတာ” ဟုပြောသည်။

လက်ရှိဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်လူနာမှာ ၃၀ ကျော်ခန့်ရှိပြီး အောက်ဆီဂျင်လုံလောက်မှုအား နည်းနေကြောင်း သူနာပြုမှ ဆက်ပြောသည်။

“ဒီနေ့တော့ ကျမတာဝန်ယူထားတာက ၁၅ ယောက်ရှိတယ်။ တခြားအဆောင်နဲ့ပေါင်းရင် ၃၀ ကျော်လောက်ရှိမယ်။ လူနာအားလုံးနီးပါးက အောက်ဆီဂျင်ပေးထားရတာချည်းပါပဲဆိုတော့ အောက်ဆီဂျင်ကမလုံလောက်ဘူး” ဟုဆိုသည်။

ရခိုင်တွင် တောင်ကုတ်မြို့နယ်သည် ကိုဗစ်ကြောင့်သေဆုံးမှုများဆုံးမြို့နယ်တစ်ခုဖြစ်ပြီး အောက်ဆီဂျင်လည်း မကြာခဏ ပြတ်တောက်မှုရှိနေသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။ အဆိုပါမြို့တွင် ကိုဗစ်ကူးစက်ခံရသူ ၁၇၀ ကျော်ခန့်ရှိပြီဖြစ်ပြီး သေဆုံးသူမှာလည်း ၂၀ နီးပါးထိရှိလာပြီဖြစ်သည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်ဖြင့်ဖြစ်ပွားမှုနှင့် သေဆုံးမှုများမှာ နေ့အလိုက်မြင့်တက်လျက်ရှိပြီး ၂ လကျော် အတွင်း ပိုးကူစက်ခံရသူ ၂၀၀၀ နီးပါးနှင့် သေဆုံးသူ ၅၀ ကျော်ခန့်ရှိလာပြီဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/333680075105170

Leave a Reply

Your email address will not be published.