တောင်ကုတ်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံး၊ ၆ နာရီအတွင်း သေဆုံးသူ ၃ ဦးရှိ

By Narinjara/ 2021 July 14

ဆောင်းဇာခြည်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း တောင်ကုတ်မြို့ မေတ္တာရေစင်လူငယ်ပရဟိတအသင်းမှ ဥက္ကဋ္ဌ ကိုသန့်ဇင်ဦးက ပြောသည်။

“မနက်ကလည်း နှစ်ယောက်ဆုံးသွားပါတယ်။ အခု တစ်ယောက်ပေါ့နော်။ အခုဆုံးတဲ့ လူနာက ရောဂါအခံရှိလားဆိုတာကိုတော့ ကျွန်တော်တို့ကို ဆေးရုံက မပြောလိုက်ပါဘူး။ ၁၂ နာရီဝန်းကျင်လောက်က ဆက်လာတာ။ ဒီအမျိုးသမီး ဆုံးတယ်ဆိုပြီးတော့။ အဲဒါနဲ့ ကျွန်တော်တို့ တခြား ပရဟိတအဖွဲ့တွေကလည်း လိုအပ်တာကို လုပ်ပေးခဲ့ပါတယ်။” ဟု ပြောသည်။

ယခုသေဆုံးသည့် လူနာနှင့်ပတ်သက်ပြီး ရောဂါအခံရှိ/မရှိသိလို၍ တောင်ကုတ်ဆေးရုံအုပ်ကြီး ဒေါက်တာ လှထွန်းဇော်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ သေဆုံးသည်မှာ မှန်ကန်သော်လည်း ၎င်းမှာ ခွဲစိပ်ခန်းထဲသို့ ရောက်နေ၍ အသေးစိတ်ကို ပြောပြရန် အဆင်မပြေကြောင်း ပြောဆိုသည်။

တောင်ကုတ်ဆေးရုံတွင် ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့်ကလည်း အသက် (၂၅) နှစ်အရွယ် ရောဂါအခံမရှိသူ အမျိုးသားတစ်ဦးနှင့် အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ကိုဗစ်ရောဂါကြောင့်သေဆုံးသွားကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ယနေ့ ညနေ ၄ နာရီကျော်အထိ ၆ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်အတည်ပြုလူနာ တစ်ထောင်ခန့်ရှိနေပြီး သေဆုံးသူ ၂၀ ဦးခန့်ရှိသွားပြီဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4494120853933290

Leave a Reply

Your email address will not be published.