By Narinjara/ 2021 July 7
ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ဆေးရုံတွင် ယမန်နေ့ ဇူလိုင် ၆ ရက်နေ့ ည ၉ နာရီခန့်က ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်အုပ်စု၊ မှိုဟင်းတောကျေးရွာမှ အသက် (၄ဝ)အရွယ်အမျိုးသားဖြစ်ကြောင်း ဝက်ကျိတ်ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က အတည်ပြုပြောကြားသည်။
“ သူကနေမကောင်းလို့ ဆေးခန်းသွားပြတာမှာ ဆေးခန်းက မသင်္ကာလို့ ဆေးရုံမှာ သွားစစ်ခိုင်းတာ ကိုဗစ်တွေ့တာပါ။ ကျွန်တော်ကတော့ ဘာရောဂါနဲ့ဆေးခန်းသွားပြတာလဲမသိဘူး။ ကျွန်တော့်ကို သူ့မှာကိုဗစ်တွေ့လို့ အိမ်ထောင်စုစာရင်းတွေ အထက်က ပေးခိုင်းလို့ သွားပေးလိုက်ရတာ။ အသက်ရှူကျပ်လို့ အောက်ဆီဂျင်ပေးထားရတယ်လို့ သိရတယ်။ မနေ့ညက သေဆုံးသွားတာပါ။” ဟုပြောသည်။
၄င်းလူနာမှာ ရောဂါအခံရှိသူတစ်ဦးဖြစ်ကြောင်းကြားသိရသဖြင့် တောင်ကုတ်မြို့ဆေးရုံအုပ် ဒေါက်တာလှထွန်းဇော်အား ဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားသဖြင့် ၄င်းသေဆုံးသူ၏ ရောဂါရာဇဝင်ကို တင်ပြနိုင်ခြင်းမရှိပါ။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ယနေ့နံနက်ပိုင်းအထိ သေဆုံးသူ ၅ ဦးရှိပြီဖြစ်ပြီး ၄င်းတို့မှာ မောင်တောမှ ၂ ဦး၊ စစ်တွေမှ ၂ ဦးနှင့် တောင်ကုတ်မြို့နယ်မှ ၁ ဦးတို့်ဖြစ်သည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ယမန်နေ့ ဇူလိုင် ၆ ရက်နေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၅၁၇ ဦးရှိပြီဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4473328672679175