တောင်ကုတ်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး

By Development Media Group (DMG)/ July 7

ဓါတ်ပုံ – တောင်ကုတ်မြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ၏ရုပ်အလောင်းအား ဆေးရုံမှသွားရောက် သယ်ယူစဉ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦးမှာ ဇူလိုင်လ ၆ ရက်နေ့ ည ၉ နာရီအချိန်က သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ တောင်ကုတ်မြို့နယ်၊ မှိုဟင်းတောကျေးရွာမှ ဒေသခံတစ်ဦးဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့က အနံ မရ၍ ဆေးခန်းလာရောက်ပြစဉ် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းအားသီးခြားစောင့်ကြည့်ကာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ည ၉ နာရီမှာ ဆုံးသွားတာပါ။ သူ့ကို သီးသန့်စောင့်ကြည့်ဆေးကုသရာကနေ အခုလို ရောဂါအခံတစ်ခုနဲ့ ဆုံးသွားတာ” ဟု တောင်ကုတ်မြို့နယ် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းဝင်းက ပြောသည်။

ယင်းသို့ သေဆုံးသွားသည့် ကိုဗစ်အတည်ပြုလူနာ အမျိုးသားမှာ အသက် ၄၀ အရွယ်ဖြစ်ပြီး သွေးတိုးရောဂါ အခံရှိသူတစ်ဦးဖြစ်ကြောင်းလည်း သိရှိရသည်။

လက်ရှိမှာ သေဆုံးသူ၏ မိသားစုဝင်များကို Stay at home ထားရှိကာ စောင့်ကြည့်ထားပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ယနေ့ဇူလိုင်လ ၇ ရက်နေ့တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၃ ဦးထဲမှ ၁ ဦးသေဆုံးသွားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၅ ဦးအထိရှိလာပြီဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းမှ စစ်တွေ၊ မောင်တော၊ သံတွဲ၊ ဘူးသီးတောင်၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်နှင့် မြောက်ဦးမြို့နယ်တို့တွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိရပြီး ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၅၀၀ ကျော်အထိရှိလာနေသည်။

https://www.facebook.com/dmgnewsagency/posts/2055444901274577

Leave a Reply

Your email address will not be published.