တောင်ကုတ်တွင် ကိုဗစ်သံသယရှိသူအရေအတွက်များပြားလာ၊ အဆင့် အေ၊ဘီ၊စီ ခွဲခြားပြီး အောက်ဆီဂျင်ပေးရန်လိုအပ်သူတချို့ကိုသာ ဆေးရုံ၌လက်ခံကုသပေးနေဟုဆို

By Narinjara/ 2021 July 11

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင်ကိုဗစ်သံသယရှိသူအရေအတွက် များပြားနေပြီး  အဆင့် (အေ၊ဘီ၊စီ) ခွဲခြားပြီး အောက်ဆီဂျင်ပေးရန်လိုအပ်သူတချို့ကိုသာ ဆေးရုံ၌ လက်ခံ ကုသပေးနေရကြောင်း သတင်းရရှိသည်။

တောင်ကုတ်ဆေးရုံကြီးတွင် လက်ရှိ အောက်ဆီဂျင်ပေးထားရသူ လူနာ ၂၂ ဦး ရှိပြီး၊ မြို့နယ်အတွင်း ကိုဗစ်သံသယရှိသူများအား ဆေးရုံတွင် ကုသပေးခြင်းမရှိပဲ နေအိမ် ကွာရန်တင်းပုံစံထားကာ လုပ်ဆောင်နေကြရကြောင်း တောင်ကုတ်ဆေးရုံမှ တာဝန်ကျဆရာဝန် ဒေါက်တာဇင်လင်းအောင်က နိရဥ္စရာသတင်းဌာနအား အတည်ပြုပြောကြားသည်။

“အနံ့မရတာ အားလုံးတော်တော်များများကို လက္ခဏာမဆိုးသရွှေ့ အိမ်မှာပဲ နေခိုင်းထားပါတယ်။ လောလောဆယ်ကိုဗစ်သံသယရှိသူတွေကို အဆင့် (အေ၊ဘီ၊စီ) သုံးမျိုးသတ်မှတ်ထားတယ်။ အဆင့် (စီ) ကိုပဲ ဆေးရုံတက်ခိုင်းထားတယ်။ အဆင့် (အေ) နဲ့ (ဘီ) ကတော့ အိမ်မှာပဲ ၁၈ ရက်ပြည့်အောင် နေခိုင်းထားတယ်။ အဲဒီကြားထဲမှာ တစ်ခုခုထူးခြားလို့ရှိရင် ကျွန်တော်တို့ဆေးရုံကို ဖုန်းဆက်ပြီးတော့ ဆက်သွယ်ဖို့မှာထားတယ်။ သံသယ လူနာက ခန့်မှန်းခြေက ပျဉ်းမျှ လူတစ်ထောင်၊ နှစ်ထောင်လောက် ရှိတယ်။ ဒီထက်တောင်များနိုင်ပါတယ်”ဟု သူက ပြောသည်။

တောင်ကုတ်ဆေးရုံတွင် ကိုဗစ်တတိယလှိုင်းအတွင်း အောက်ဆီဂျင်ပေးရန်လိုအပ်သည့် လူနာ ၂၈ ဦးခန့်တက်ရောက် ကုသခဲ့ပြီး ယင်းအထဲ ဇူလိုင်လ ၆ ရက်နှင့် ၈ ရက်နေ့များတွင် ကိုဗစ်လူနာ ၂ ဦး သေဆုံးခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၄ ဦးရှိကြောင်း  ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ဆီမှာ ကိုဗစ်လူနာရှိတာက စုစုပေါင်း ၂၈ ယောက်ရှိသွားပြီ။ ၂၈ ယောက်ထဲမှာ သေတာက နှစ်ယောက်၊ ဆင်းတာက လေးယောက်ရှိပါပြီ။ အောက်ဆီကျင်က အားလုံး ရှုနေရတာ။ ဒဲ့ပြောရရင် အောက်ဆီဂျင်က ပရဟိတအသင်းတွေနဲ့ပဲ လည်ပတ်နေရတာလေ။ တောင်ကုတ် ရှင်သန်ရေး အသင်းရယ်၊ နာရေးအသင်းရယ်ပေါ့နော်။ အစိုးရကတော့ ဒဲ့ပြောရရင်ကျွန်တော်တို့ကို စာရင်းကောက်ရုံက လွဲပြီးကျန်တာဘာမှ မလုပ်ပါဘူး” ဟုသူကပြောသည်။

ရခိုင်ပြည်နယ်တွင် မေလ ၁၂ ရက်နေ့မှ ယနေ့အထိကိုဗစ်အတည်ပြုလူနာ ရဝဝ ကျော်အထိ ရှိလာနေကြောင်း ကျန်းမာရေးဌာနကထုတ်ပြန်ထားသည်။

ယင်းအထဲတွင် ကိုဗစ်-၁၉ ရောဂါကြောင်း သေဆုံးသူ ယနေ့နံနက်ပိုင်းအထိ ၁၂ ဦး အထိ ရှိလာနေကြောင်း ကိုဗစ်စောင့်ကြည့်လေ့လာသူများနှင့် ကျန်းမာရေးဌာန၏ စာရင်းများအရသိရသည်။

https://www.facebook.com/narinjara.info/posts/4484970051515037

Leave a Reply

Your email address will not be published.