By Western News/ 2021 July 19

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဇူလိုင် ၁၉ ရက်နေ့ ယနေ့နံနက်ပိုင်း၌ ကိုဗစ်ကူးစက်ခံရသူများထဲမှ ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဌာန၏ အတည်ပြုချက်အရသိရသည်။
ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူ ၂ ဦးလုံးမှာ အမျိုးသမီးများဖြစ်ပြီး ဆီချိုနှင့် နှလုံးရောဂါများရှိသူများဖြစ်ကြကြောင်း တောင်ကုတ်ဆေးရုံ ပြင်ပလူနာဆောင်မှ အထက်တန်းသူနာပြု ဒေါ်သန္တာမြင့်က Western News ကိုပြောသည်။
“ဒီနေ့နံနက် ၉ နာရီခွဲမှာတစ်ယောက် ၉ နာရီ ၄၅ မိနစ်မှာတစ်ယောက်သေပါတယ်။ သေတဲ့သူနှစ်ယောက်လုံးမှာ ဆီးချိုနဲ့ နှလုံးရောဂါအခံတွေရှိပါတယ်။ နှစ်ယောက်လုံးက အမျိုးသမီးတွေပါ” ဟုပြောသည်။
တောင်ကုတ်တွင် ယမန်နေ့ ၁၈ ရက်နေ့အထိ ကိုဗစ်ကြောင့်သေဆုံးသူ ၁၅ ဦးထိရှိခဲ့ပြီး ယနေ့ ၂ ဦးထပ်တိုးလျှင် သေဆုံးသူစုစုပေါင်း ၁၇ ဦးထိရှိခဲ့ပြီဖြစ်သည်။ ရခိုင်တွင် ယနေ့ ကိုဗစ်ဖြင့်သေဆုံးသူများမှာ တောင်ကုတ် ၂ ဦးအပြင် ပေါက်တောမြို့တွင် ၁ ဦး၊ ကျောက်ဖြူတွင် ၁ ဦး၊ မာန်အောင်တွင် ၁ ဦးနှင့် စစ်တွေမြို့တွင် ၃ ဦး တို့ဖြစ်သည်။
ရခိုင်တွင် ကိုဗစ်ကူးစက်ပြန့်ပွားမှုနှုန်းမှာ မြင့်တက်လာပြီးနောက် ကူးစက်ခံရသူ ၁၀၀၀ ကျော်နှင့် သေးဆုံးသူ ၄၀ ကျော်ထိရှိ လာခဲ့ပြီဖြစ်သော်လည်း လူထုအနေဖြင့် ကိုဗစ်စည်းကမ်းများအားလိုက်နာမှုအားနည်းနေဆဲဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/333080921831752