By Narinjara/ 2021 July 7
ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီခန့်က ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးကြောင်း သတင်း ရရှိသည်။
သေဆုံးသူမှာ တောင်ကုတ်မြို့နယ် ကံပိုင်ရပ်ကွက်မှ အသက်(၅ဝ)အရွယ် အမျိုးသမီးဖြစ်ပြီး အသက်ရှုမဝ၍ တောင်ကုတ်ဆေးရုံကို ယနေ့နံနက်အစောပိုင်းက တက်ရောက်ခဲ့ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်ရှင်သန်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညိုမင်းအောင်ကပြောသည်။
“ ကိုဗစ်လူနာပါ။ သူက အိမ်မှာ အောက်ဆီဂျင်တိုင်းကြည့်တော့ အောက်ဆီဂျင် ရာခိုင်နှုန်းကျလို့ ဆေးရုံကိုသွားတာ။ ဆေးရုံရောက်မှ ဆုံးသွားတာ။ သူ့မှာ ဆီးချို၊ သွေးချိုရှိတာလို့ သိရတယ်။ ဆုံးပြီလို့ အစ်ကိုတို့သိရတာက မနက် ၉ နာရီကျော်က သိရတာပါ” ဟုပြောသည်။
ကံပိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွေးညိုကလည်း အဆိုပါလူနာ သေဆုံးမှုမှာ ဟုတ်မှန်ကြောင်းပြောသည်။
“ ကျွန်တော့ကို မနက်က ရာအိမ်မှူးက သေဆုံးသူနဲ့ပတ်သက်ပြီး လိုင်းမှာတက်နေတာကို လာပြောလို့သိရတာပါ။ သက်ဆိုင်ရာက လာပြောတာမရှိသေးပါဘူး။ ဒီနေ့မနက်ပဲ ဆေးရုံကို သွားပြတာပါ။ သေဆုံးသူအမျိုးသမီးက အိမ်မှာ ကုန်စုံဆိုင်ရောင်းတာပါ” ဟုပြောသည်။
တောင်ကုတ်ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းဇော်အား ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းမကိုင်ခဲ့ပါ။
ရခိုင်ပြည်နယ်တွင် ဇွန် ၂၈ ရက်မှ ယနေ့ဇူလိုင် လ ၈ ရက်နေ့အထိ (၁၀) ရက်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၆ ဦးအထိ ရှိလာပြီဖြစ်သည်။
ဇွန် ၂၈ က အသက်(၃၅)နှစ်အရွယ်ရှိ စစ်တွေမြို့ခံတစ်ဦး၊ ဇူလိုင်လ ၃ ရက်နေ့က မောင်တော ဆေးရုံ၌ ဆီးချိုရောဂါအခံရှိသူ အသက် ၆ဝ အရွယ်ရှိသည့် အမျိုးသားတစ်ဦးနှင့် မောင်တောမြို့နယ်မြောက်ပိုင်း အောင်ဇံကျေးရွာ ရဲကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ကြပ်တစ်ဦး၊ ဇူလိုင်လ ၆ ရက်နေ့က စစ်တွေဆေးရုံကြီးမှ ပုဏ္ဏားကျွန်းမြို့နယ် ဝက်နှုတ်သီးကျေးရွာနေ အသက် ၆၁ နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ ဇူလိုင်လ ၆ ရက်နေ့က တောင်ကုတ်မြို့နယ် ဝက်ကျိတ်ဆေးရွာမှ အသက်(၄ဝ)အရွယ် အမျိုးသား တစ်ဦးနှင့် ယနေ့နံနက်က တောင်ကုတ်မြို့မှ အသက် (၅၀) အရွယ် အမျိုးသမီးတို့ ဖြစ်ကြသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်အတည်ပြုလူနာ ယမန်နေ့ဇူလိုင် ၇ ရက်နေ့အထိ ၅ဝဝ ကျော်ရှိပြီသွားဖြစ်ကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4476247489053960