တောင်ကုတ်တွင်ယနေ့နံနက်ကကိုဗစ်လူနာ ၂ ဦး ထပ်မံသေဆုံး၊ (၁ဝ)ရက်အတွင်းတောင်ကုတ်၌ သေဆုံးသူ ၈ဦးအထိရှိလာ

By Narinjara/ 2021 July 15

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နောက်ထပ် ကိုဗစ်အတည်ပြု လူနာနှစ်ဦး ထပ်မံသေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့ နံနက် ၂ နာရီခွဲခန့်က အသက် (၈ဝ)အရွယ် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၇ နာရီအကြာ ယနေ့ နံနက် (၉)နာရီခွဲ၌ အသက်(၈၂)နှစ် အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်ဆေးရုံမှ တာဝန်ကျဆရာဝန် ဒေါက်တာ ဇင်အောင်လင်းက နိရဉ္စရာသတင်းဌာနအားပြောသည်။

သေဆုံးသူ အသက်(၈၂)နှစ်အရွယ်အမျိုးသားသည် နှလုံးသွေးကြောကျဉ်းနှင့် TB ရောဂါအခံရှိသူဖြစ်ကြောင်း ၎င်းကပြောသည်။

“ မနေ့က တော့ သုံးယောက်ပေါ့။ ဒီနေ့နံနက်ပိုင်းမှာ နှစ်ယောက် ထပ်သေဆုံးတာပါ။ ဆေးရုံတက်နေတဲ့ လူအကုန်လုံးက အောက်ဆီဂျင် ပေးထားရတဲ့ လူတွေပါ။ တောင်ကုတ်မှ ကိုဗစ်နဲ့သေဆုံးတဲ့လူ ၈ ယောက်ရှိသွားပါပြီ” ဟုပြောသည်။

၄င်းအပြင် တောင်ကုတ်ဆေးရုံတွင် လက်ရှိဆေးကုသမှုခံယူနေသူ ၂၇ ဦးရှိပြီး ၄င်းတို့မှာ အောက်ဆီဂျင်ပေးထားရသည့်လူနာများဖြစ်ကြောင်း သူကဆက်ပြောသည်။

တောင်ကုတ်ဆေးရုံတွင် ကိုဗစ် တတိယလှိုင်းအတွင်း ဆေးရုံတက်ရောက်ကုသသည့် ကိုဗစ်လူနာ ၅၄ ဦးရှိပြီဖြစ်ကာ ယင်းအထဲမှ ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရရှိသူ ၁၉ ဦးနှင့် သေဆုံးသူ ၈ ဦးကြောင်း သိရသည်။

၄င်းကိုဗစ်ဖြင့် သေဆုံးသူများမှာ ဇူလိုင်လအတွင်း ၆ ရက်နေ့က အသက်(၄ဝ) အရွယ် အမျိုးသားတစ်ဦး၊ ၈ ရက်နေ့က အသက်(၆၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ၁၂ ရက်နေ့က (၄၈)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ ၁၄ ရက်နေ့က အသက် (၂၅)နှစ်နှင့် (၆၆)နှစ်အမျိုးသားနှစ်ဦးနှင့် (၆၄)နှစ်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြပြီး ယနေ့နံနက် ၂ ဦးနှင့် ဆိုလျှင် စုစုပေါင်း (၈)ဦးတို့ဖြစ်ကြသည်။

ရခိုင်တပြည်နယ်လုံးတွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်လူနာ ၁ဝဝဝ ကျော် ရှိလာပြီး သေဆုံးသူ ၂၄ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ စာရင်းအရ သိရသည်။

https://www.facebook.com/narinjara.info/posts/4496291447049564

Leave a Reply

Your email address will not be published.