By Narinjara/ 2021 July 13
ချစ်အိလှိုင်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၆ နာရီခန့်က အသက် (၂၅)နှစ်အရွယ်ရောဂါအခံမရှိသူ အမျိုသား တစ်ဦး အပါအဝင် ကိုဗစ်အတည်ပြုလူနာ ၂ ဦးထပ်မံသေဆုံးကြောင်း သတင်း ရရှိသည်။
သေဆုံးသူများမှာ အသက်(၂၅)နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက်(၆၆) အရွယ် အမျိုးသားတို့ဖြစ်ကြသည်ဟု တောင်ကုတ်ဆေးရုံမှ တာဝန်ကျ ဆရာဝန် ဒေါက်တာဇင်လင်းအောင်က နိရဥ္စရာသတင်းဌာနအားပြောသည်။
အသက်(၂၅)နှစ်လူငယ်မှာ ရောဂါအခံမရှိသော်လည်း အသက်ရှုကျပ်လာ၍ အောကဆြီဂျင်ပေးထားရသူဖြစ်ကြောင်း၊ အသက်(၆၆)နှစ်အမျိုးသားမှာ သွေးတိုးရောဂါအခံရှိသူဖြစ်ကြောင်း၊ အဓိကမှာ အောက်ဆီဂျင် မလုံလောက်၍ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“လူကြီးကတော့ သွေးတိုးအခံရှိတယ်။ လူငယ်မှာတော့ မရှိဘူး။ အဓိကတော့ ကျွန်တော်တို့မှာ အောက်ဆီဂျင်အခက်အခဲကျတယ်ပေါ့။ မနေ့ညက သတင်းမှာ တက်နေတဲ့ တောင်ကုတ်ကို အောက်စီဂျင် ၁ဝ၅ လုံးပို့ပေးတာမှာ ကျွန်တော်တို့ရတာ ၅၅ လုံးတည်း ရပါတယ်။ ကျန်တဲ့ဟာတွေကိုလည်း ခွဲပေးရတာကို။ အဲဒီဟာ နေ့လယ် ၁နာရီကရတာ။ မိုးလင်းအောင်ထိ မကာမိဘူး။ အခု အောက်စီဂျင် ပေးထားရတဲ့ လူနာက တောင်ကုတ် ဆေးရုံမှာ ၂၇ ယောက်ရှိပါတယ်”ဟု သူကပြောသည်။
တောင်ကုတ်မြို့နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်းကိုဗစ်ဖြင့် သေဆုံးသူ ယနေ့ နံနက်ပိုင်း အထိ ၅ ဦးရှိသွားပြီဖြစ်ကြောင်း၊ တောင်ကုတ်တွင် ကိုဗစ် သံသယ လူနာများနေ၍ လူနာများကို ကုသမှုပေးရာတွင် အေ၊ ဘီ၊ စီ သုံးဆင့်ခွဲထားပြီး ဆေးရုံတင်ရန်လိုအပ်သော အောက်ဆီဂျင်ပေးရသည့် (စီ) အဆင့် လူနာများကိုသာ ဆေးရုံတွင် ကုသပေးကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁ဝဝဝ ခန့်ရှိနေပြီးသေဆုံးသူ ၂ဝ ဦးခန့်ရှိသွားပြီဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4493252830686759