တပ်တောင်မြို့ ဆိပ်ခံတံတားဆိပ်ကမ်းတွင် နှစ်ကာလရှည်ကြာစွာ အမှိုက်စွန့်ပစ်လာမှုကြောင့် ချောင်းရေတိမ်သည်အထိဖြစ်လာနေ

By Western News/ 2021 July 16

ကျောက်ဖြူခရိုင် အမ်းမြို့နယ်နိမိတ်ထဲရှိ တပ်တောင်မြို့တွင် ချောင်းအားဖြတ်ထိုးထားသည့် ဆိပ်ခံတံတားမှနေ၍ ချောင်းထဲသို့ အမှိုက်စွန့်ပစ်လာသည်မှာ နှစ်ကာလကြာရှည်လာပြီဖြစ်၍ ချောင်းရေတိမ်လာသည့်အခြေနေသို့ ရောက်နေပြီဖြစ်ကြောင်း ဒေသတွင်းနေထိုင်သူအချို့ထံမှ ပြောသည်။

ဆိပ်ကမ်းတွင် အမှိုက်ပစ်လာကြသည်မှာ နှစ်ကာလအားဖြင့် ၇ နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း အမှိုက်များဖို့လာမှုကြောင်း ချောင်းမှာ ယခင်ကထက်ရေတိမ်လာပြီဖြစ်ကြောင်း တပ်တောင်မြို့ ဒေသခံတစ်ဦးဖြစ်သူ ဦးတင်မောင်ညွှန့်ကပြောသည်။

“အမှိုက်ပစ်ရမယ့် နေရာသတ်သတ်မှတ်မှတ်မရှိတော့ ချောင်းတွေထဲပဲဖြစ်သလိုပစ်ချကြတာပါ။ အဲဒီဆိပ်ခံတံတားဆိပ်ကမ်းမှာဆို အမှိုက်ပစ်လာတာ ၇ နှစ်ကျော်လောက်ရှိပြီ။ အမှိုက်တွေဖို့လာတာကြာတော့ ချောင်းကအရင်တုန်းကလိုရေမနက်တော့ဘူး” ဟု ပြောသည်။

၎င်းအမှိုက်ပုံအား မြို့ရှိစည်ပင်သာယာမှ ယမန်နှစ်က တစ်ကြိမ်လာရောက်သိမ်းယူမှုရှိခဲ့ကြောင်းနှင့် ယခုပြန်လည်မြင့်တက်လာ ပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

အမှိုက်စွန့်ပစ်မှုများရှိနေသည့် အဆိုပါချောင်းမှာ အမ်းမြို့နယ်၏ အဓိကအသုံးပြုနေသော ရေကြောင်းလမ်းတစ်ခုဖြစ်ကြောင်း၊ ချောင်းတွင်းအမှိုက်ဖို့လာမှုကြောင့် ရေကျချိန်ဘုတ်ကြီးများဝင်ရောက်နိုင်မှုမရှိတော့ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များလုပ်ဆောင်နေသည့် အမ်းဒေသခံ ကိုမျိုးလွင်မှပြောသည်။

“အဲဒီတပ်တောင်ချောင်းက အမ်းတစ်မြို့နယ်လုံးနီးပါးအသုံးပြုရတဲ့အဓိကရေကြောင်းလမ်းပါ။ အဲလိုနေရာမျိုးတွေမှာတောင်စွန့်ပစ် အမှိုက်တွေက ပုံနေတာလေ။ အမှိုက်တွေက ရေစီးနဲ့ပါသွားရင်ပင်လယ်ထဲထိရောက်သွားတယ်။ အဲလိုမျိုးဆိုတော့သဘာဝ ပတ်ဝန်းကျင်လည်းထိခိုက်တာပေါ့။ အဲဒီချောင်းက ရေစီးရေလာကောင်းလို့ရေတိမ်တာသိပ်မသိသာပေမယ့် တပ်တောင်နဲ့ ၅ မိုင်အကွာလောက်ကချောင်းဖျားတွေမှာဆို အမှိုက်ကတောင်ပို့တွေဖြစ်နေပြီ” ဟုဆိုသည်။

အဆိုပါအမှိုက်စွန့်ပစ်မှုကိစ္စနှင့်ပတ်သက်၍ တပ်တောင်မြို့ရှိ စည်ပင်ဌာနမှ တပ်တောင်မြို့တွင် မြေနေရာရှားပါးမှုကြောင့် အမှိုက်ဧရိယာ သတ်မှတ်မှုမပြုလုပ်နိုင်သေးကြောင်း၊ သို့ဖြစ်၍ ချောင်းထဲသို့သာအမှိုက်စွန့်ပစ်မှုများပြုလုပ်နေရခြင်းဖြစ်ကြောင်း စည်ပင်မှဦးစီးအရာရှိ ဦးဆန်းဝင်းမှ ပြောသည်။

“တပ်တောင်မြို့က မြေလွတ်နေရာတွေရှားတယ်။ ရှိတာကလည်း လယ်ကွက်တွေဖြစ်နေတော့ လယ်ကွက်တွေမှာအမှိုက်တွေစုပြီး မီးတိုက်ရင်လည်း လယ်ရှင်တွေနဲ့စကားပြောရတယ်။ ကျနော်တို့မှာ ဝန်ထမ်းအင်အားကလည်းနည်း ဘက်ဂျက်ကလည်းအတော် နည်းတယ်။ အမှိုက်ဧရိယာသတ်မှတ်ဖို့ကိစ္စ ဒေသခံတွေနဲ့ဆွေးနွေးထားတာရှိပါတယ်။ အထက်ကိုတင်ပြထားတာတွေလည်းရှိတယ်” ဟုပြောသည်။

တပ်တောင်ဆိပ်ကမ်းသည် အမ်းမြို့နယ်ရှိ ကျေးရွာပေါင်းတစ်ရာကျော်မှ အသုံးပြုသော အရေးပါသည့် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ၎င်းဆိပ်ကမ်းမျိုးတွင် ယခုကဲ့သို့စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များမှာ နှစ်ကာလာကြာရှည်စွာရှိနေခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/330984418708069

Leave a Reply

Your email address will not be published.