ဆေးကုသမှုခံယူနေရသည့် ကိုဗစ်အတည်ပြုလူနာအချို့ စားဝတ်နေရေး အခက်အခဲရှိနေကြောင်းပြော

By Development Media Group (DMG)/ July 19

ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်ကူးစက်ခံရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် လူနာအချို့မှာ အသုံးအဆောင်ပစ္စည်းများနှင့် စားဝတ်နေရေးများ အခက်အခဲရှိနေကြောင်း ပြောဆိုကြသည်။

ကျောက်ဖြူမြို့နယ်မှ ကိုဗစ်ပိုးတွေ့ပြီး ဆေးကုသမှုခံယူနေရသူ တစ်ဦးက ထမင်း ၂ နပ်ကို ငွေကျပ် ၃၅၀၀ နှုန်းပေးပြီး မိမိငွေဖြင့် ဝယ်ယူစားသုံးနေရကြောင်း DMG ကို ပြောသည်။

“ထမင်းမနက်စာ၊ ညစာကို အပြင်ကမှာပြီး ဆေးရုံကတစ်ဆင့် နှစ်ထပ်ပေါင်း ၃၅၀၀ နဲ့ဝယ်ယူစားသုံးနေကြတယ်။ နောက်ပြီးတော့ ရေသန့်တွေ၊ အသုံးအဆောင်ပစ္စည်းတွေကအစ ဝယ်ယူပြီးအသုံးပြုနေရတယ်။ ဆေးရုံကတော့ လိုအပ်တဲ့ဆေးတွေပဲ ပေးထားတာတွေရှိတယ်။ ၁၁ ရက်လောက်ထားမယ်ဆိုတော့ ငွေရေးကြေးရေးအပိုင်းမှာ အခက်အခဲတွေရှိလာနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

ကျောက်ဖြူမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း “ပိုးတွေ့လူနာတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကအစ အခက်အခဲတွေ အများကြီးရှိတယ်။ အရင်တုန်းကဆိုရင် အလှူရှင်ပံ့ပိုးပေးခဲ့တာတွေရှိတယ်။ အခုကအလှူရှင်တွေဆီက ပံ့ပိုးတာတွေမတွေ့ရတော့ဘူး။ သူတို့မှာတော့အသုံးအဆောင်ပစ္စည်း ထမင်းကအစ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်စားနေရတာရှိတယ်” ဟု ပြောသည်။  

စစ်တွေမြို့တွင်လည်း ကိုဗစ်အတည်ပြုလူနာများကို လှူဒါန်းမည့် အလှူရှင်များမရှိသည့်အတွက် ဆင်းရဲပြီး နေအိမ်မှ အစားသောက်၊ အသုံးအဆောင်ပစ္စည်း လာရောက်မပို့နိုင်သည့်လူနာများအတွက် ဆေးရုံမှ တာဝန်ယူဖြေရှင်းပေးထားသည်ဟု စစ်တွေမြို့မှ အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“အခုအချိန်မှာတော့ အလှူရှင်တွေမရှိသေးတဲ့အတွက် အားလုံးမိမိကိုယ်ကိုဝယ်ပြီး စားသုံးနေရပါတယ်။ တစ်ချို့လုံးဝဆင်းရဲပြီး မိသားစုတွေဆီက လာပြီးမပို့နိုင်ကြတဲ့သူတွေ တစ်ယောက် နှစ်ယောက်ကိုကျတော့ ဆေးရုံကြီးကနေ စီစဉ်ပေးထားတာတွေ ရှိတယ်” ဟု ၎င်းကျန်းမာရေးဝန်ထမ်းက ပြောသည်။

စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်ပိုးတွေ့လူနာတစ်ဦးက “ထမင်းတွေက ကိုယ်ဟာကို ဝယ်စားနေရပါတယ်။ နေ့ညဆိုတော့ တစ်နေ့ကို နှစ်ထပ်ပေါင်းပြီး ၄၀၀၀ ထောင်စီသတ်မှတ်ထားတယ်။ အခက်အခဲတွေကတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ဟာနဲ့ကိုယ် အဆင်ပြေအောင်တော့ နေထိုင်နေရတယ်။ မုန့်တွေဆိုရင်လည်း ကိုယ့်ပိုက်ဆံနဲ့ပဲဝယ်စားနေရတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကိုဗစ်အတည်ပြုလူနာများ စားဝတ်နေရေးနှင့် အသုံးအဆောင်ပစ္စည်းများ အခက်အခဲရှိနေသည့်အပေါ် ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်က “အဲဒီလိုအခက်အခဲတွေကတော့ နေရာတိုင်းမှာရှိနေမှာပဲ။ သက်ဆိုင်တဲ့ မြို့နယ်တွေမှာ သက်ဆိုင်ရာအာဏာပိုင်တွေရှိတယ်။ မြို့နယ်တွေမှာရှိတယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရှိတယ်။ အဆင့်ဆင့် ကျနော်တို့ကလည်း အပေါ်ကပေးနိုင်သလောက် ပံ့ပို့ပေးထားတာရှိတယ်။ နောက်ပြီးတော့ လူမှုအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ အဆင်ပြေအောင်ပေးထားတာလေးတွေလည်းရှိတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် ဇူလိုင်လ ၁၈ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူဦးရေ ၁၄၃၆ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၄၁ ဦးအထိ ရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ စာရင်းအရသိရသည်။

https://www.facebook.com/dmgnewsagency/posts/2064883386997395

Leave a Reply

Your email address will not be published.