By Western News/ 2021 July 27
ရခိုင်ပြည်နယ် စစ်တွေမြို့ မိဇံရပ်ကွက် ကစ္ဆပနဒီခွဆုံတွင် ယနေ့ ဇူလိုင်လ ၂၇ ရက် ညနေ ၄ နာရီကျော်အချိန်ခန့်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ခြင်းသည်ဗုံးပေါက်ကွဲခြင်းမဟုတ်ဘဲ ဗြောက်အိုးဖောက်ခြင်းဖြစ်သည်ဟု စစ်တွေမြို့အမှတ် ၁ ရဲစခန်းကပြောသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ဗုံးပေါက်တာမဟုတ်ဘူး။ ဗြောက်အိုး ပေါက်တာ” ဟုပြောသည်။
အဆိုပါပေါက်ကွဲမှုမှာ မြေကြီးတုန်ခါမှုအထိဖြစ်သွားခဲ့ပြီး မီးခိုးများလည်းထွက်ပေါ်ခဲ့သည်ဟု ပေါက်ကွဲမှုဖြစ်ခဲ့သည့်နေရာအနီး၌ ရှိနေခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။
“ကျွန်တော်တို့ ၃၊ ၄ ယောက် ထိုင်လို့စကားပြောနေကြတာ။ အဲဒီအချိန်မှာ ဗုံး ဆိုပြီးတော့ ပေါက်ကွဲသွားတယ်။ မြေတွေလည်း တုန်ခါသွားတယ်။ မီးခိုးတွေလည်း အများကြီးထွက်လာတယ်။ ကျွန်တော်တို့ထိုင်နေတဲ့နေရာနဲ့ ပေါက်ကွဲတဲ့နေရာက နီးနီးလေး။ လူအထိအခိုက်တော့မရှိဘူး” ဟုပြောသည်။
\
ယင်းအပြင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၎င်းနေရာသို့ စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှ စခန်းမှုးတို့နှင့်အတူ ရဲတပ်ဝင်များလာရောက်ကြည့်ရှုခဲ့ကြသည်။
မိဇံရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးထွန်းဝင်းက “ပေါက်တဲ့နေရာအနီးမှာက ဆိုက်ကားသမားတွေ နေကြတယ်။ ကြွေကစားသူများလည်း ရှိနေကြတယ်။ လူအထိအခိုက်တော့မရှိဘူး။ တာဝန်ရှိတဲ့သူတွေလာရောက်ကြည့်ခဲ့ကြတယ်။သူတို့ကတော့ ဗြောက်အိုး ပေါက်တာလို့ပြောခဲ့တယ်” ဟုပြောသည်။
https://www.facebook.com/westernnewsagency/posts/338315057975005