By Narinjara/ 2021 July 9
ဆောင်းဇာခြည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မဏိရတနာကျောင်းတိုက်၏ကျောင်းထိုင်ဆရာတော်ကြီးသည် ယနေ့ ကိုဗစ်ကူးစက်ခံလိုက်ရကြောင်း သတင်းရရှိသည်။
ကိုဗစ်ပိုးကူးစက်ခံရသည့် ဆရာတော်ကြီးမှာ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်ရှိ မဏိရတနာဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် သက်တော် ၈၄ နှစ်အရွယ် အရှင်ဘဒ္ဒန္တသောမ ဖြစ်သည်။
ဆရာတော်ကြီးကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းတွင် ကိုဗစ်ပိုးစစ်ဆေးရာ positive တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဆရာတော်ကြီးမှာ စစ်တွေဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိပြီး သက်တောင့်သက်သာ အနေအထား၌ရှိနေကြောင်း ဆရာတော်ကြီးအား အနီးကပ်ပြုစုပေးလျက်ရှိသည့် ဆရာတော် ဦးဉာဏက နိရဥ္စရာသို့ မိန့်သည်။
“ဆရာတော်ကြီးက အနံ့လည်း ရပါသေးတယ်။ လောလောဆယ် အဖျားလည်း မရှိတော့ဘူး။ မိုးမိပြီးဖျားရာကနေ အန်တာတွေရှိတယ်ပေါ့နော်။ အဲဒါကို စစ်ဆေးလိုက်တော့ positive ဖြစ်နေပါတယ်။ ဒီတလော ဆရာတော်ကြီးက ခရီးသွားတာတွေလည်း မရှိပါဘူး”ဟု မိန့်သည်။
ဆရာတော်ကြီး ကိုဗစ်ပိုးကူးစက်ခံထားရပြီးနောက် ယနေ့ ညနေပိုင်းတွင်ပင် ဆရာတော်၏ ဘုန်းတော်ကြီးကျောင်းအား lockdown ချထားလိုက်ရသည်ဟုလည်း မိန့်သည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ယနေ့ ဇူလိုင်လ ၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၇ဝဝ ခန့်၊ ဆေးရုံဆင်း ၁ဝဝ ကျော်နှင့် သေဆုံးသူ ၇ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနစာရင်းများအရ သိရသည်။
https://www.facebook.com/narinjara.info/posts/4480593368619372