By RFA/ 2021 July 5

■ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာနေလို့ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြီး နှာခေါင်းစည်းတပ်ဖို့၊ လက်ကို မကြာခဏဆေးဖို့၊ လူစုလူဝေးရှောင်ရှားဖို့ စသဖြင့် လူထုအတွင်း ကြိုတင်ကာကွယ်ရေးအတွက် တိုက်တွန်းနှိုးဆော်မှုတွေကို ဒီနေ့ကစလို့ လုပ်ဆောင်နေပါတယ်။
ဒီနေ့မနက်က လူစည်ကားတဲ့ စစ်တွေ မြို့မဈေး အဝင်ဝမှာ ပညာပေး ပိုစတာတွေ ကပ်ပြီး နှာခေါင်းစည်းတွေကို အခမဲ့ လိုက်လံဝေငှခဲ့သလို မြို့အနှံ့ လော်စပီကာတွေနဲ့ လှည့်လည်ကြေညာတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ ဇူလိုင်လ ၄ ရက်နေ့က တစ်နိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ ၁၆၅၄၀၅ ဦးရှိနေပြီး သေဆုံးသူကတော့ ၃၄၁၉ ဦးရှိပါတယ်။
ရခိုင်ပြည်နယ်မှာတော့ ဇူလိုင်လ ၂ ရက်နေ့အထိစာရင်းတွေအရ ကိုဗစ် တတိယလှိုင်းအတွင်း ပိုးတွေ့လူနာ ၃၇၀ ကျော်နဲ့ သေဆုံးသူ နှစ်ဦး ရှိနေပါတယ်။