စစ်တွေမြို့ BXT ဆိပ်ကမ်းအဝင်ဝတွင် ပေါက်ကွဲမှုဖြစ်ဟုဆို

By Narinjara/ 2021 July 27

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ ညနေ ၄ နာရီခွဲခန့်က မိဇံရပ်ကွက်၊ BXT ကိုရီးယား ဆိပ်ကမ်းအဝင်ဝအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း အနီးအနားရှိ ဒေသခံပြည်သူများ ပြောသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မိဇံရပ်ကွက်ဒေသခံတစ်ဦးက “ ကျွန်မတို့အိမ်နားမှာပါပဲ။ ထွက်ပြီးတော့ သွားကြည့်ခဲ့ပါတယ်။ မြေသားတွေပွပြီး တွင်းလိုမျိုးဖြစ်သွားပါတယ်။ ညှော်နံ့လည်းရပါတယ်။ အိမ်ကနေတောင် နံပါတယ်။ ဗုံးပေါက်တာလို့လည်း ပြောနေကြပါတယ်။ အစတုန်းက မိုးကြိုးပစ်သလားလို့ထင်တာပါ။ အသံအကျယ်ကြီးပါ” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မီဇံရပ်ကွက် အုပ်ချုပ်ရေးမှူး အား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးပါ။

ယင်းနောက် စစ်တွေမြို့နယ် ရဲမှူးကြီးဇော်နိုင်အား ထပ်မံဆက်သွယ်ပြန်ရာလည်း ဖုန်းမကိုင်သဖြင့် ရဲတပ်ဖွဲ့၏ အတည်ပြုချက်ကိုတင်ပြနိုင်ခြင်းမရှိသေးပါ။

စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က “ကျွန်တော့ကို မိဇံရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ အကြောင်းကြားလာပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အကြောင်းကြားထားပါတယ်။ ကျွန်တော်သူတို့ဆီက အတည်ပြုချက်ရမှ ပြောလို့ရပါမယ်” ဟုပြောသည်။

https://www.facebook.com/narinjara.info/posts/4532530713425637

Leave a Reply

Your email address will not be published.