စစ်တွေမြို့ ရွှေပြည်တန်အမြန်ရေယာဉ်ဆိပ်ကမ်းတွင် တရုတ်နိုင်ငံထုတ် အပူချိန်တိုင်း စက်တပ်ဆင်နေ

By Development Media Group (DMG)/ July 9

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Covid-19 တတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူ ၆၀၀ ကျော် အထိရှိလာနေပြီဖြစ်သည့်အတွက် ရွှေပြည်တန်အမြန်ရေယာဉ်ဆိပ်ကမ်းတွင် တရုတ်နိုင်ငံထုတ် အပူချိန်တိုင်းစက် တပ်ဆင်ကာ ခရီးသည်များကို အပူချိန်တိုင်းတာခြင်း၊ ရေယာဉ်လိုင်းများကိုလည်း တစ်ခုံခြားစနစ်ဖြင့် ပြေးဆွဲရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

ရေယာဉ်ပေါ် စီးနင်းလိုက်ပါမည့် ခရီးသည်များကို ရွှေပြည်တန်ဆိပ်ကမ်းသို့ရောက်ရှိစဉ် တရုတ်နိုင်ငံထုတ် (Hik Vision Network Thermal Camera) အပူချိန်တိုင်းစက်ဖြင့် တိုင်းတာရန်အတွက် တပ်ဆင်လျက်ရှိနေသည်ဟု ရွှေပြည်တန်မန်နေဂျာ ဦးစံမော်သိန်းက DMG ကို ပြောသည်။

“ကျနော်တို့က အခုတော့ တစ်ခုံခြားစနစ်နဲ့ တင်ပါတယ်။ သင်္ဘောဆိပ်ကမ်းကို လာရောက်ကြတဲ့ ခရီးသည် အစုလိုက်ကို အပူချိန်ဖမ်းပြီးတိုင်းတဲ့စက်ကိုလည်း တပ်ဆင်နေပါတယ်။ ကျနော်တို့တပ်ဆင်နေတဲ့စက်ကတော့ အခြားမြို့နယ်တွေ ၊တိုင်းဒေသကြီးတွေမှာတောင် မရှိသေးဘူးလို့ထင်တယ်” ဟု ဦးစံမော်သိန်းက ပြောသည်။

အဆိုပါစက်ဖြင့် အပူချိန်တိုင်းတာပြီး ကိုဗစ်ဖြစ်၊မဖြစ် မသင်္ကာဖွယ်တွေ့ရှိသည့်သူများကို ရခိုင်ပြည်နယ် ကျန်းမာရေးဌာနသို့ တိုက်ရိုက်ဆက်သွယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(Hik Vision Network Thermal Camera) အပူချိန်တိုင်းစက်ကို တရုတ်နိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး  စက်တန်ဖိုးမှာ မြန်မာငွေကျပ် (၇၇)သိန်း ကုန်ကျကြောင်း သိရသည်။

ရွှေပြည်တန်ရေယာဉ် ပြေးဆွဲနေသည့်ရေလမ်းကြောင်းမှာ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-မင်းပြား-မြေပုံ၊ စစ်တွေ-ပေါက်တော၊ စစ်တွေ-တောင်ရှည်-ကျောက်ဖြူ-ရမ်းဗြဲ-ကျောက် နီမော်-တောင်ကုတ်-မာန်အောင်တို့ဖြစ်သည်။

ထို့အတူ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေလမ်းကြောင်းတစ်ခုတည်းသာ ပြေးဆွဲနေသည့် မလိခအမြန် ရေယာဉ်မှာလည်း ကိုဗစ်ဖြစ်ပွားသည့်အချိန်မှစ၍ တစ်ခုံကြားစနစ်ဖြင့် ပြေးဆွဲနေကြောင်း မလိခရေယာဉ်မှ မန်နေဂျာ ဦးအောင်ကိုလင်းက ပြောသည်။

“ကျနော်တို့မလိခမှာက သုံးခုံတစ်တန်းဆိုတော့ အလယ်ကခုံတစ်ခုကို လက်မှတ်မရောင်းဘူး။ ဘေးနားက ခုံနှစ်ခုံပဲ ရောင်းပါတယ်” ဟု သူကဆက်ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ဇူလိုင်လ ၈ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၆၀၀ ကျော်အထိရှိပြီး ယင်းအထဲမှ ဆေးကုသမှုခံယူနေသူ ၅၀၀ ကျော်၊ ဆေးရုံဆင်းခွင့်ရသူ ၁၀၀ ကျော်နှင့် သေဆုံးသူ ၇ ဦးအထိ ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏စာရင်းအရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2057186494433751

Leave a Reply

Your email address will not be published.