စစ်တွေမြို့ မင်းဂံကယ်ဆယ်ရေးစခန်းတွင် အစာအဆိပ်သင့်၍ စစ်ဘေးရှောင် လင်မယား၂ ဦးသေဆုံး

By Western News/ 2021 July 7

ဓာတ်ပုံ- ရွှေရောင်မေတ္တာဖောင်ဒေရှင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံအကွက် (၁၇) ရှိကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်သည့် ဝိဘဇ္ဇဝါဒီ ကယ်ဆယ်ရေးအမှတ် (၁) တွင် အစာအဆိပ်သင့်၍ စစ်ဘေးရှောင် ၂ ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသောသူနှစ်ဦးမှာ ငါးပုဂျင်းကိုစားမိရာမှ အစာအဆိပ်သင့်မှုဖြစ်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ထိုသူနှစ်ဦးနှင့်အတူ ငါးပုဂျင်းစားမိသည့် တစ်ခြားသူများအားလည်း ဆေးရုံတင်ထားရကြောင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ကိုမင်းထည်ဝါ ကပြောသည်။

အစာအဆိပ်သင့်၍ သေဆုံးသည့် ရုပ်အလောင်းအား ဆေးရုံသို့ ယူလာစဥ်

“မနေ့ကည ၁၁ နာရီလောက်မှာဖြစ်တာ။ သူတို့က မစားရတဲ့ ငါးပုကျင်းကိုမှသွားစားကျတော့ အဲ့မှာအဆိပ်သင့်သွားတာ။ စားတာကတော့ တစ်မိသားစုလုံးစားကြတာ လင်မယားနှစ်ယောက်က သေသွားတယ်။ ကျန်ခဲ့တဲ့ ကလေး ၄ ယောက်ကတော့ အသက်အန္တရာယ်မစိုးရိမ်ရ‌တော့ပါဘူး။ အဲဒီ ငါးပုကျင်းကို သူတို့မိသားစုအပြင် တစ်ခြားသူတွေကိုလည်း စာသောက်ဖို့ပေးထားခဲ့သေးတာ။ သူတို့ကိုလည်း ဆေးရုံးတင်ထားရတယ်” ဟုပြောသည်။

ကိုမင်းထည်ဝါ (ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ)

သေဆုံးသွားသူများမှာ ငါးပုကျင်းကိုချက်ပြုတ်စားသောက်ပြီးမှ အဆိပ်ဖြစ်မည်ကိုစိုးရိမ်၍ စပါးကြီးသည်း ခြေအထင်ဖြင့် ငန်းသည်းခြေအား မှားသောက်မိခဲ့ကြကြောင်းနှင့် ယခုလက်ရှိတွင် အရေးပေါ်ဆေးရုံတင်ထားရသူ မှာ သေဆုံးသူလင်မယားနှစ်ယောက်တွင် ကျန်ခဲ့သည့် ကလေးငယ် ၄ ယောက်နှင့် တစ်ခြားအမျိုးသမီး ၃ ယောက် တို့ဖြစ်ကြောင်း သူကဆက်ပြောသည်။

အစာအဆိပ်သင့်၍ သေဆုံးသည့် စစ်ဘေးရှောင်ရုပ်အလောင်းအား ဆေးရုံသို့ ယူလာစဥ်

သေဆုံးသူ စစ်ဘေးရှောင်နှစ်ဦးမှာ ကျောက်တော်မြို့နယ် အောက်မွန်ထောက်ကျေးရွာမှ ဖြစ်ပြီး ကျန်ရစ်သူ သားသမီးများထဲတွင် နို့စို့အရွယ်ကလေးတစ်ဦးလည်းပါဝင်ကြောင်း စစ်ဘေးရှောင်စခန်းကို တည်ထောင်ပေးသူ တစ်ဦးဖြစ်သည့် ဆရာတော် စက္ကိန္ဒ မှမိန့်သည်။

“သူ့တို့က ကျောက်တော် အောက်မွန်ထောက်က စစ်ဘေးရှောင်လာတဲ့သူတွေ။ တောင်ပေါ်ဒေသကလူတွေဆိုတော့ ပင်လယ်စာ မစားတတ်ကျဘူးလေ။ အဲဒီ ပုဂျင်းက ကျတော့သေချာစနစ်တကျချက်စားရတာ။ သူတို့ကတော့ ဈေးတန်တော့ ဝယ်စားမိတာနေမှာပေါ့။ လင်မယာနှစ်ယောက်လုံးဆုံးသွားတော့ ကလေး ၄ ယောက်ကျန်ခဲ့တယ်။ အဲဒီထဲ နို့စို့အရွယ် ကလေးတစ်ယောက်လည်းပါတယ်” ဟုပြောသည်။

ဆရာတော် စက္ကိန္ဒ (ဝိဘဇ္ဇဝါဒီ စစ်ဘေးရှောင်စခန်းကို တည်ထောင်ပေးသူ)

ဤသို့သေဆုံးမှုဖြစ်သွားခြင်းမှာ ကျန်းမာရေးအသိပညာနည်းပါးခြင်းကြောင့်လည်းပါကြောင်း သို့ဖြစ်၍ စစ်ရှောင် များအား နေရာဒေသနှင့်လိုက်လျော၍ ကျန်းမာရေးအသိပညာပေးမှုများ လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း ဆရာတော်က ဆက်မိန့်သည်။

မင်းဂံအကွက် (၁၇ ရှိ ဝိဘဇ္ဇဝါဒီ စစ်ရှောင်စခန်းသည် သဲချောင်းရွာနှင့်နီးပြီး စခန်းတွင်းတွင် အိမ်ထောင်စု ၁၂၃ စု နှင့် လူဦးရေ ၅၀၀ ကျော်ခန့်ရှိကြောင်းသိရသည်။

https://www.facebook.com/westernnewsagency/posts/324927645980413

Leave a Reply

Your email address will not be published.