စစ်တွေမြို့ ဓာတ်လယ်ဆရာတော်ကြီးနှင့် တန်ခိုးဘုန်းတော်ကြီးကျောင်းတိုက်မှ ဆရာတော်တစ်ပါး ကိုဗစ်ပိုးတွေ့၊ ကျောင်းတိုက်များကို Lock down ချထား

By Western News/ 2021 July 19

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓာတ်လယ်ကျောင်းတိုက်၊ ဓာတ်လယ်ဆရာတော်ကြီးနှင့် တန်ခိုးဘုန်းတော်ကြီးကျောင်းတိုက်မှ စာချဘုန်းကြီးတစ်ပါးတွင် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ကျောင်းတိုက်များကို ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ Lock down ချထားလိုက်ကြောင်း သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းတာဝန်ရှိ ဆရာတော်များက မိန့်သည်။

သက်တော် ၈၀ ရှိပြီဖြစ်သည့် ဓာတ်လယ်ဆရာတော်ကြီး ဘဒ္ဒန္တသုဝဏ္ဏမှာ ယနေ့ နံနက်ပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ဓာတ်လယ်ကျောင်းတိုက် အကျိုးတော်ဆောင်ဆရာတော် ဦးသုနန္ဒက Western News ကိုမိန့်သည်။

“ကျန်းမာရေးကတော့ ကောင်းပါတယ်။ လန်းလန်းဆန်းဆန်း သွားနိုင်လာနိုင်ပါတယ်။ ပိုးတွေ့တာကတော့ ဒီနေ့နံနက်က တွေ့တာပါ။ ကျောင်းတိုက်ကို ၁၀ ရက်လော့ဒေါင်းချထားတယ်” ဟုမိန့်ကြားသည်။

တန်ခိုးကျောင်းတိုက်မှကိုဗစ်ပိုးတွေ့ရှိသည့် စာချဆရာတော်မှာ အသက် ၄၅ နှစ်အရွယ်ရှိပြီး နေမကောင်းဖြစ်နေသည်မှာလည်း ကြာမြင့်နေပြီဖြစ်၍ ဆေးရုံသွားပြရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တန်ခိုးဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော် ဦးဇနိန္ဒ က Western News ကိုမိန့်သည်။

“အဲဒီ ဦးဇင်းက နေမကောင်းဖြစ်တာကြာပြီ။ ဖျားတယ်။ ဆေးခန်းတွေသွားပြတော့ သက်သာသွားတယ်။ သက်သာသွားပြီ ဆိုပြီး ရေချိုးပစ်တော့ ပြန်ဖျားတယ်။ သမားတော်ကြီးတွေနဲ့လည်း သွားပြတယ်။ နေမကောင်းတာကြာလာတော့ မစားချင် မသောက်ချင် ဖြစ်လာတယ်။ အဲ့ဦးဇင်းက ဆေးရုံသွားပြချင်တယ်ဆိုလို့ ဆေးရုံတက်တယ်။ ဆေးရုံတက်လို့ တစ်ရက်နှစ်ရက်လောက်ကြာတော့ ပိုးတွေ့တယ်လို့ပြောတယ်” ဟုပြောသည်။

ကိုဗစ်ပိုးတွေ့ရှိသည့် အဆိုပါ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းအား ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်လူကြီးများက လာရောက် Lock down ချထားခဲ့ခြင်းဖြစ်ကြောင်းလည်း သက်ဆိုင်ရာဆရာတော်များက ဆက်လက်မိန့်ကြား သည်။

တန်ခိုးကျောင်းတိုက်တွင်ကျောင်းထိုင်ဆရာတော်အပါအဝင် စာချဘုန်းကြီး၊ စာသင်သားရဟန်း၊ ကိုရင်များအပါအဝင် ၃၀ ကျော်ရှိကာ လက်ရှိတွင် အားလုံးကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် အချိန်မှ ၂ လကျော်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၄၄၂ ဦးနှင့် ကိုဗစ်ကြောင့်သေဆုံးသူ ၄၁ ဦးထိရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

https://www.facebook.com/westernnewsagency/posts/332951891844655

Leave a Reply

Your email address will not be published.