စစ်တွေမြို့ရှိ ကမ်းနားလမ်းနှင့် ပွိုင့်ကမ်းခြေတို့ကို တစ်ပတ်လျှင် နှစ်ရက်ပိတ်မည်ဖြစ်ပြီး ကျန်ရက်များတွင် COVID စည်းကမ်းနှင့်အညီ ကြပ်မတ်ဖွင့်လှစ်သွားမည်ဟုဆို

By Development Media Group (DMG)/ July 14

ရခိုင်ပြည်နယ်အတွင်း COVID-19 ကူးစက်ရောဂါ ပြန့်ပွားနေသည့်အတွက် စစ်တွေမြို့ရှိ ကမ်းနားလမ်းနှင့် ပွိုင့်ကမ်းခြေတို့ကို တစ်ပတ်လျှင် စနေ့နေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအချိန်ထိ ပိတ်ထားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

အဆိုပါ ကမ်းနားလမ်းနှင့် ပွိုင့်ကမ်းခြေတို့ကို ဖွင့်လှစ်ထားသည့် ရက်များတွင်လည်း ကိုဗစ်စည်ကမ်းနှင့်အညီဖွင့်လှစ်သွားမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက DMG သို့ ပြောသည်။

“စစ်တွေမြို့မှာရှိတဲ့ ပွိုင့်ကမ်းခြေနဲ့ ကမ်းနားလမ်းကို လောလောစဉ်ကတော့ စနေနေ့နဲ့ တနင်္ဂနွေ နှစ်ရက်ကိုပိတ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ်ရက်ဟာ လူစု၊ လူဝေးတွေများတာတွေရှိတယ်။ အဲဒါကြောင့် ပိတ်တာ။ ကျန်တဲ့ရက်တွေမှာတော့ ဖွင့်ပေးမယ်။ ဒါပေမဲ့ ကိုဗစ်စည်းကမ်းကိုမလိုက်နာဘူး၊ လူစုလူဝေးတွေ၊ သောက်စားမှုရှိတယ်ဆိုရင်တော့ အရေးယူသွားမယ်” ဟု ၎င်းကဆိုသည်။

ကမ်းနားလမ်းနှင့် ပွိုင့်ကမ်းခြေတို့ကို ဖွင့်လှစ်သည့်နေ့များတွင် ဝိုင်းဖွဲ့သောက်စားပြီး လူစုလူဝေးပြုလုပ်ပါက ဇူလိုင်လ ၁၆ ရက်နေ့မှစတင်ကာ ရဲအက်ဥပဒေ သို့မဟုတ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေတိုနှင့် အရေးယူသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ ယနေ့ဇူလိုင်လ ၁၄ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းအပြင် စစ်တွေမြို့ရှိ ကိုးရီးယား(BXT)ဆိပ်ကမ်းတွင်လည်း လူစုဖွဲ့ပြီးအရက်သေစာသောက်စားခြင်းနှင့် Mask မတပ်သူများကို ယနေ့မှစပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးသန်းထွန်းက ပြောသည်။

“လောလောဆယ်ကတော့ Mask မတပ်သူတွေကို ငွေဒဏ် ၅၀၀ ဆောင်ခိုင်းမယ်၊ Mask တစ်ခုပေးမယ်။ ပထမအကြိမ်သတိပေးမှာပေါ့။ နောက်ဆိုရင် ဥပဒေအရအရေးယူဆောင်ရွက်ဖို့ရှိတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်း COVID-19 တတိယလှိုင်းအတွင်း ရောဂါပိုးကူးစက်ခံရသည့်လူနာစုစုပေါင်း ၉၉၆ ဦး အထိရှိလာပြီး ဇူလိုင် ၁၃ ရက်နေ့အထိ သေဆုံးသူ ၁၆ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ၁၃ ရက် ညနေ့ ၈ နာရီအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၀၁,၂၇၄ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၁၄၉,၇၆၇ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၄,၀၃၆ ဦးရှိကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2060972934055107

Leave a Reply

Your email address will not be published.