စစ်တွေမြို့မင်းဂံရပ်ကွက်မှ ပုပ်ပွနေသည့် ဆရာတော်တစ်ပါးအလောင်းအား တွေ့ရှိ

By Western News/ 2021 July 26

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မင်းဂံ အကွက် (၉) ရပ်ကွက်ရှိ မင်္ဂလာဇေယျူံကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကြီးမှာ ပျံလွန်တော်မူသည့် ရုပ်အလောင်းအား ၄ ရက်ခန့်အကြာမှသာတွေ့ရှိရကြောင်း ရုပ်ကလာပ်အား ကူညီ ဆောင်ရွက်ပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကပြောသည်။

အဆိုပါကျောင်းထိုင်ဆရာတော်ကြီးမှာ ဦးဣန္ဒာစာရ (၆၈) နှစ်ဖြစ်ပြီးဘုန်းတော်ကြီးကျောင်းတွင် တစ်ပါးတည်း သီတင်းသုံးနေခြင်းဖြစ်ကာ ယခုပျံလွန်တော်မူ သည်မှာ ၄ ရက်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ဥက္ကဌ ကိုမင်းထည်ဝါ ကပြောသည်။

သို့သော် မည်သည့် တစ်ဦးတစ်ယောက်မျှ ပျံလွန်တော်မူသည်ကို မသိရှိဘဲ ယမန်နေ့ ဇူလိုင် ၂၅ ရက်နေ့က ကျောင်းတကာ တစ်ဦးမှ ဆွမ်းသွားကပ်ရာအဆိုပါ ရုပ်ကလာပ်အားတွေ့ရှိ၍ ရွှေရောင်မေတ္တာကိုဖုန်းဆက်အကူညီတောင်းလာကြောင်း ဥက္ကဌ ကိုမင်းထည်ဝါကပြောသည်။

“ဆရာတော်က ကျောင်းမှာ တစ်ပါးတည်းနေတော့ ပျံလွန်တော်မူတာကို ဘယ်သူမှ မသိကြဘူးတဲ့။ ပျံလွန်တော်မူ နေတာက ၄ ရက်လောက်ရှိပြီ။ ရုပ်ကလာပ်ကလည်းပုပ်ပွနေပြီ။ မနေ့က ဆွမ်းသွားကပ်တဲ့ ကျောင်းတကာတစ်ဦးကတွေ့ပြီး ကျွန်တော်တို့ အသင်းကို အကူအညီတောင်းလာတာပါ။ အဲ့ဒါကြောင့် ရုပ်ကလာပ်သွားယူပြီး သု ဿာန်ကိုကူညီပို့ဆောင်ပေးခဲ့ပါတယ်”ဟုပြောသည်။

အဆိုပါ ဆရာတော်ကြီး မည်သည့်ရောဂါကြောင့် သေဆုံးသည်ကို မသိရှိဘဲ ရုပ်ကလာပ်မှာလည်း ပုပ်ပွနေပြီဖြစ် သည့် အတွက် ကိုဗစ် ၁၉ သံသယဖြင့်သာပျံလွန်တော်မူသည်ဟုထင်မှတ်ကြကြောင်းလည်း ကိုမင်းထည်ဝါက ဆက်ပြောသည်။

“ကိုဗစ် အတည်ပြုတော့ မဟုတ်ပါဘူး။ ရုပ်ကလာပ်က ပုပ်ပွနေပြီဆိုတော့ မစစ်ဆေးနိုင်တော့ဘူး။ ဒါပေမယ့် သိတဲ့အတိုင်းပါပဲ ဒီကာလမှာပျံလွန်တော်မူရင်တော့ ကိုဗစ်နဲ့ပျံတယ်ဆိုပြီး သံသယရှိကြတာပေါ့”ဟုပြောသည်။

https://www.facebook.com/westernnewsagency/posts/337551241384720

Leave a Reply

Your email address will not be published.