စစ်တွေတွင် Quarantine စင်တာ (၃)ခု ရက်ပိုင်းအတွင်း ဖွင့်မည်

By Narinjara/ 2021 July 15

မာန်ယုကျော် (ရွှေဝမြေ)

ဓာတ်ပုံ – စစ်တွေတက္ကသိုလ်ဟောင်းတွင် Quarantine စင်တာဖွင့်လှစ်ရန် ပြင်ဆင်နေစဉ်။ / Photo – Zaw Lin

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Quarantine စင်တာ (၃)ခုကို ယခုရက်ပိုင်းအတွင်း ဖွင့်သွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ဖွင့်လှစ်မည့် Quarantine စင်တာ (၃)ခုမှာ စစ်တွေတက္ကသိုလ်ဟောင်း၊ လောကာနန္ဒာဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်နှင့် မြို့တော်ခန်းမ(ယခင် ခိုင်သဇင်ခန်းမ)တို့ဖြစ်ပြီး လာမည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဟု စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က နိရဥ္စရာကိုပြောသည်။

“Stay At Home မြို့နယ်တွေက လာတဲ့သူတွေပေါ့။ ပြန်လာတဲ့သူတွေဖြစ်ဖြစ်ပေါ့။ အဲလိုဟာမျိုးတွေကို ကျနော်တို့တွေက လေဆိပ်မှာ သူတို့ လေယာဉ်လိုင်းတွေကိုလည်း သတ်မှတ်ပုံစံတွေနဲ့ ပေးပြီးတော့၊ ပြီးရင်လည်း သက်ဆိုင်ရာလာတဲ့အရပ်ဆီကနေပြီးတော့ လွန်ခဲ့တဲ့ (၇)ရက်အတွင်းထောက်ခံချက်တွေပေါ့။ သူတို့လာခဲ့တဲ့ဒေသရဲ့ထောက်ခံတွေပါမှ လာ၊ ဒီလိုသဘောမျိုးတွေနဲ့ စိစစ်ပြီးတော့ Stay At Home မြို့နယ်တွေဆိုရင်တော့ ကျနော်တို့ ထည့်သွားမှာပေါ့။ ဒီ Quarantine ထဲကို။”ဟု ပြောသည်။

Stay At Home မြို့နယ်များမှလာရောက်မည့်သူများအနေဖြင့် စစ်တွေသို့ လေကြောင်းလမ်းအပြင် ကုန်းလမ်းနှင့်ရေလမ်းတို့မှဝင်ရောက်လာပါကလည်း အဆိုပါ Quarantine စင်တာများတွင် (၁ဝ)ရက် နေရမည်ဟု ဆိုသည်။

Stay At Home မြို့နယ်များမှလာသော်လည်း လက်ရှိတွင် ကျန်းမာရေးစစ်ဆေးချက်အရ ကျန်းကျန်းမာမာရှိနေပြီး ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံထားသူဟု အထောက်အထားပြနိုင်ပါက နေအိမ်အတွင်း Home Quarantine (၁ဝ)ရက် ထားပေးသွားမည်ဟုလည်း ပြောသည်။

“ရည်ရွယ်ချက်ကတော့ ရောဂါအဖြစ်များတဲ့ ဒေသတွေက လာတဲ့သူတွေပေါ့။ လာတဲ့သူတွေကနေပြီးတော့ ကျနော်တို့ဆီမှာ ဒီကူးစက်မှုတွေ ထပ်ပြီးတော့ များမသွားအောင်လို့ပေါ့ဗျာ။ နောက်ထပ် စစ်မျက်နှာတစ်ခုထပ်မပွင့်အောင် ပိတ်တဲ့သဘောပါ။”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပြောသည်။

အဆိုပါ Quarantine စင်တာ သုံးခုကိုဖွင့်လှစ်ရာတွင်ပူးပေါင်းပါဝင်နိုင်ရန် စစ်တွေရှိ အရပ်ဘက်အဖွဲ့အစည်းများအားခေါ်ယူညှိနှိုင်းဆွေးနွေးထားပြီဟုလည်း သိရသည်။

စစ်တွေရှိ Arakan Humanitarian Coordination Team (AHCT)အဖွဲ့မှ ကိုကျော်နိုင်စိုးက “လောလောဆယ်တော့ အခြေအနေစောင့်ဆိုင်းနေဆဲပဲရှိပါသေးတယ်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လုပ်ဆောင်ချက်တွေကိုလည်း စောင့်ကြည့်နေဆဲ ရှိပါသေးတယ်။ နောက်ပြီး ကူးစက်မှုတွေ များလာလို့ မနိုင်မနင်းဖြစ်ခဲ့ရင် အရပ်ဖက်အဖွဲ့အစည်းအနေနဲ့တော့ လုပ်ပေးသွားမှာပါ။ လောလောဆယ်တော့ စောင့်ကြည့်ဖို့နဲ့ ပူးပေါင်းပြီးလုပ်မဲ့အကြောင်းတွေပဲ ဆွေးနွေးခဲ့ရပါသေးတယ်။” ဟု နိရဥ္စရာကိုပြောသည်။

ယခုဖွင့်လှစ်မည့် Quarantine စင်တာ (၃)ခုတွင် လူဦးရေ (၂၅ဝ)အတွက် နေရာထိုင်ခင်းများကို ပြင်ဆင်ထားပြီဟုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

လူတစ်ဦးအတွက် တစ်နေ့လျှင် စားသောက်စရိတ် ကျပ် (၃)ထောင်ကို ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အခြားဖြည့်စွက်ထောက်ပံ့နိုင်ရန်လည်း INGO ၊ NGO တို့နှင့် ဆွေးနွေးညှိနှိုင်းနေသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4499185410093501

Leave a Reply

Your email address will not be published.