By Irrawaddy/ 2021 July 1

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အောင်ဒိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးထွန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့က ယမန်နေ့ (ဇွန် ၃၀ ရက်) မွန်းလွဲပိုင်းတွင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ယမန်နေ့က ဦးအေးထွန်းသည် စစ်တွေမြို့ ဆပ်ရိုးကျ ရပ်ကွက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် လကုန်အစည်းအဝေး တက်ရောက်ပြီး ရုံးမှပြန်ထွက်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ထွေ/အုပ်စာရေး ဦးမင်းနိုင်ဦးက ဧရာဝတီကို ပြောသည်။
၎င်းက “သူ့ကို အဖမ်းခံရတဲ့အချိန် ကျနော်လည်း အဲဒီနေရာမှာတော့ မရှိဘူး။ ကျနော့်ကို တခြား အုပ်ချုပ်ရေးမှူးတွေ ပြောပြတာကတော့ လူ ၃ ယောက်က သူ့ကို ဖမ်းခေါ်သွားတယ်လို့ ပြောတယ်။ ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာတော့ မသိကြဘူး” ဟု ဆိုသည်။
ဦးအေးထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားသူများသည် အရပ်ဝတ်များဖြင့် ဝတ်ဆင်ထားကြကာ သေနတ်များ ကိုင်ဆောင်ထားကြောင်း မျက်မြင်တွေ့ရှိသူများ၏ အဆိုအရ သိရသည်။
ဦးအေးထွန်း အဖမ်းခံရသည်ဟူသော သတင်းများ ကြားသိရသည့်အတွက် မိသားစုဝင်များက ၎င်းကိုင်ဆောင်ထားသည့် ဖုန်းအား ဆက်သွယ်ရာ စက်ပိတ်ထားကြောင်း၊ ၎င်းဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အတိအကျ မသိကြောင်း မိသားစုဝင်များက ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် စစ်တွေမြို့မ စခန်းမှူးအား ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။
ဇွန်လ ၂၈ ရက်ကလည်း စစ်တွေမြို့ပေါ်တွင် ရခိုင်မျိုးချစ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းထွန်းမှာ သမီးဖြစ်သူအား အိုးတန်းရပ်ကွက်ရှိ မူလတန်းကျောင်းသို့ ကျောင်းပို့ပြီး ပြန်အထွက်တွင် အမည်မသိ လက်နက်ကိုင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ထိုသို့ မည်သည့်အဖွဲ့က ဖမ်းဆီးသည်ဟူ၍ အတိအကျ မသိရဘဲ ရက်ပိုင်းအတွင်း လူ ၂ ဦး ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည့်အတွက် မြို့ခံများကြား စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
https://www.facebook.com/theirrawaddyburmese/posts/4633324020045047