By Narinjara/ 2021 July 31
သန္တာကျော်ဇော
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အိမ်ထောင်စု ၂၀၀ အတွက် ‘ငါးဆယ်ကျပ်နှင့် ကြိုက်တာဝယ်’ အခြေခံ စားကုန်ရောင်းချမှု Campaign တစ်ခုကို သြဂုတ်လ ၁ ရက်နေ့၌ Tea Crazy Sittway Bubble tea ဆိုင်က ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယခု Campaign လှုပ်ရှားမှုကို စစ်တွေမြို့ရှိ Tea Crazy Sittway Bubble tea ဆိုင်မှ လူငယ်တစ်စုက အကောင်အထည်ဖော်နေခြင်းဖြစ်ြပီး ရောင်းချပေးသွားမည့် ပစ္စည်း ၄ မျိုးမှာ ကြက်ဥ၊ ဆန်၊ ပဲ၊ ခေါက်ဆွဲခြောက်တို့ဖြစ်ကြောင်း Tea Crazy Sittway မှ ကိုသူရိန်လင်းက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။
ကိုသူရိန်လင်းက “ကိုဗစ်တတိယလှိုင်းဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့စစ်တွေမြို့က လက်လုပ်လက်စား တချို့က ဝင်ငွေပြတ်နေကြတဲ့ အချိန်မှာ ကုန်စျေးနှုန်းတွေကို လျော့ချပေးချင်တဲ့ စိတ်ကူးနဲ့ ဒီCampaign ကိုပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်” ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောဆိုသည်။
အဓိကအားဖြင့် စစ်တွေမြို့ပေါ်ရှိ လက်လုပ်လက်စားများနှင့် ဝင်ငွေနည်းပါးသူများကို ရည်ရွယ်၍ ယခု အစီအစဉ်ကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“ အဲဒါကြောင့် လက်လုပ်လက်စားတွေနဲ့ ဝင်ငွေမရှိတဲ့ သူတွေကို လက်ဆင့်ကမ်းပြီးတော့ အသိပေးထားတယ်။ ကိုဗစ်-၁၉ကာလ ကူညီထောက်ပံ့ရေး အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့လည်း လက်ဆင့်ကမ်းအသိပေးထားပါတယ်။ လူတန်းစားအားလုံးသိရှိပြီး လာဝယ်နိုင်အောင်အတွက်ပေါ့နော်။ မနက်ဖြန်မှာ ဆိုရင်တော့ အိမ်ထောင်စု ၂ဝဝအတွက် စပြီးရောင်းချသွားပါမယ်။ မနက်ဖြန်ကတော့ ပထမဆုံးဆိုတော့ အခက်အခဲတွေရှိမလားဆိုပြီး အစမ်းကြည့်ရမှာပေါ့နော်။”
ရောင်းချရာတွင် လူစုလူဝေး မဖြစ်စေရန် ကိုဗစ်စည်းကမ်းများနှင့် အညီ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ကိုဗစ်စည်းကမ်းနဲ့အညီဖြစ်အောင် ရောင်းချပေးသွားမှာပါ။ ကျွန်တော်တို့နဲ့အတူ စစ်တွေ ကိုဗစ် ၁၉ ကူညီထောက်ပံ့ရေးအဖွဲ့ကလည်း ကိုဗစ် ၁၉ စည်းကမ်းနဲ့ညီအောင် ခြောက်ပေ အကွာမဟုတ်ရင်တောင် လက်တစ်ဆန့်စာလောက်အကွာအဝေးခန့် တန်းစီခိုင်းပြီး လက်သန့် ဆေးရည်တွေနဲ့ နှာခေါင်းစည်း maskများကိုလည်း စနစ်တကျတပ်ဆင်ခိုင်းသွားပါမယ်။ လူစုလူဝေး မဖြစ်အောင်တော့ အတတ်နိုင်ဆုံး ထိန်းချုပ်သွားပါမယ်” လို့ ၎င်းကပြောသည်။
ရောင်းချပေးသွားမည့် ပစ္စည်း ၄ မျိုးမှာ ကြက်ဥ၊ ဆန်၊ ပဲ၊ ခေါက်ဆွဲခြောက်တို့ဖြစ်ပြီး မနက်ဖြန်တွင် campaign အောင်မြင်အဆင်ပြေခဲ့လျှင် နောက်ရက်များတွင်လည်း ထပ်မံရောင်းချသွားရန် အစီအစဉ်ရှိကြောင်း သူကဆက်ပြောသည်။
ရောင်းချမည့်နေရာမှာ စစ်တွေမြို့၊ အိုးတန်းရပ်ကွက် ရွှေသာလမ်းရှိ Tea Crazy Sittway buuble tea တွင် ဖြစ်ပြီး ညနေ ၄ နာရီအချိန်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်းရောဂါကူးစက်မှုမှာ ယခင်ဒုတိယလှိုင်းကထက် ၄ ဆလောက် မြင့်တက်လာခဲ့ပြီး ပြည်သူများကို မလိုအပ်ဘဲ ပြင်မထွက်ရန် Stay Home ကာလနှစ်ပတ် သတ်မှတ်ခဲ့ထားရာ ကုန်စျေးနှုန်းများမြင့်လာခဲ့မှုနှင့် အတူ အခြေခံလူတန်းစားများလည်း စားဝတ်နေရေး အခက်အခဲများ ရှိလာခဲ့ကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4544737082205000