စစ်တွေတွင် သက်ကြီးပိုင်းများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေ

By Western News/ 2021 July 31

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ နံနက် ၉ နာရီကျော်အချိန်က အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပိုင်းများအား ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးလျှက်ရှိသည်။

ယခုထိုးပေးနေသည့် ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်ပြီး ကိုဗစ်ဖြစ်ပွားမှုမြင့်တက်နေသည့် ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး ဆေးလုံးရေ ကိုးသောင်းကျော် ခွဲတမ်းရရှိထားသည်ဟုသိရသည်။

အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပိုင်းများကို စစ်တွေတွင် အထက ၂၊ အထက ၄၊ အထက ၉ နှင့် မြို့နယ် ထွေ/အုပ်ရုံးတို့တွင်စတင်ထိုးနှံပေးနေပြီး နံနက်ပိုင်းတွင် ၅၀ ဦးနှင့် ညနေပိုင်းတွင် ၅၀ ဦးစီ ထိုးနှံပေးမည်ဟု အထက ၄ တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေသည့် တာဝန်ကျဝန်ထမ်းများကပြောသည်။

ကိုဗစ်ကူးစက်ခံရမှုမြင့်တက်နေသည့် ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၃၀ ရက်နေ့ထိ ကိုဗစ်ကူးစက်ခံရသူ ၂၇၁၄ ဦး၊ ကိုဗစ်ကြောင့် သေဆုံးသူ ၁၇၅ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၈၅၄ ဦးနှင့် ကုသဆဲလူနာ ၈၆၀ ဦးထိရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

https://www.facebook.com/westernnewsagency/posts/340701467736364

Leave a Reply

Your email address will not be published.