By Western News/ 2021 July 8
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ ဆတ်ရိုးကျတံတားအနီးတွင် ကျေးတောရွာမကျေးရွာမှ ရေလုပ်သားတစ်ဦး ယနေ့ ဇူလိုင် ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဓားဖြင့်ခုတ်ခံရ၍ သေဆုံးသွားသည်။
သေဆုံးသွားသူမှာ ဦးစံဦးကျော် အသက်(၆၅)နှစ်ဖြစ်ပြီး ငါးဖမ်းလှေအားတွန်းနေစဉ် ၄င်း၏ အငှားအလုပ်သားဖြစ်သူ ဝင်းမောင်ချေမှ ဓါးဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ကျေးတောရွာမကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးဝင်းသာ က Western News ကိုပြောသည်။
“ဆတ်ရိုးကျချောင်းဝမှာ လှေတင်သွားလို့ တွန်းနေတဲ့အခါ သူ့ရဲ့အလုပ်သမားဖြစ်တဲ့ ဝင်းမောင်ချေက လှေပေါ်ကနေ ခုတ်သွားတာလို့ သိရတယ်။ အဲဒီလှေမှာလုပ်တာက အားလုံး ၄ ယောက်ဖြစ်တယ်။ လှေပိုင်ရှင်ဖြစ်တဲ့ ဦးစံဦးကျော်နဲ့နောက်အလုပ်သမားတစ်ဦး လှေကိုတွန်းနေကြတုန်းမှာပဲ ခုတ်သွားတာ။ ဓါးဒဏ်ရာကတော့ ဦးခေါင်းနဲ့လည်ပင်းမှာ သုံးလေးချက်လောက် ရှိမယ်ထင်တယ်”ဟုပြောသည်။
လက်ရှိတွင် ဓါးဖြင့်ခုတ်သွားသည့် ဝင်းမောင်ချေမှာ ထွက်ပြေးတိမ်းရှောင်နေပြီး သေဆုံးသွားသည့် ဦးစံဦးကျော်၏ ရုပ်အလောင်းအား စစ်တွေဆေးရုံသို့ယူဆောင်သွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး စစ်တွေမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှ စခန်းမှူးအား Western News ကဆက်သွယ်ရာတွင် အဆိုပါ လူသတ်မှုဖြစ်စဉ်အား အရေးယူဆောင်ရွက်ရန်ပြင်ဆင်နေကြောင်းပြောသည်။
https://www.facebook.com/westernnewsagency/posts/325774145895763