စစ်တွေတွင် ယနေ့ ကိုဗစ်လူနာ (၂)ဦးသေဆုံး၊ စစ်တွေတွင်သေဆုံးသူ (၅)ဦးအထိ ရှိလာ

By Narinjara/ 2021 July 15

အေးမြတ်ခိုင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ ကိုဗစ်လူနာ (၂)ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်မှ အသက် (၃၆ နှစ်)အရွယ် အမျိုးသားတစ်ဦးနှင့် စစ်တွေမြို့ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းမှ အသက် (၄၄ နှစ်)အရွယ် အမျိုးသားတို့ဖြစ်သည်ဟု သိရသည်။

“သူက ဆေးရုံတက်နေတာ တစ်ပတ်ကျော်လောက်ရှိပြီလို့ သိရပါတယ်။ ဒီကနေ့ဆုံးတာပါ”ဟု လမ်းမတော်တောင်ရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင်သေဆုံးသွားသူမှာ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ် လယ်တောကျေးရွာမှဖြစ်ပြီး ယမန်နေ့ညက မော်တော်ဘုတ်အတွင်း အိပ်နေစဉ် သေဆုံးသွားခြင်းဖြစ်သည်ဟု အလောင်းအား သွားရောက်သယ်ယူနေသည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ဒုဥက္ကဋ္ဌ ကိုသာဂီလင်းက ပြောသည်။

“သူက ၁ဝ ရက်နေ့မနက်ပိုင်းကနေ ရွှေမင်းဂံဆိပ်ကမ်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို စက်လှေနဲ့ထွက်သွားတာ။ ၁၄ ရက်နေ့ညမှာ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့အခါ စက်လှေမှာပဲ အိပ်နေရင်းသေသွားတာလို့သိရပါတယ်”ဟု ပြောသည်။

စက်လှေအတွင်းသေဆုံးသွားသူမှာ ကိုဗစ်ရောဂါကြောင့်သေဆုံးသွားခြင်းဖြစ်သည်ဟု အလောင်းအားသွားရောက်သယ်ယူနေကြသည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ဒုဥက္ကဋ္ဌ ကိုသာဂီလင်းနှင့် စစ်တွေနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးသန်းရွှေက ပြောသည်။

စစ်တွေတွင် ယခုသေဆုံးသွားသူ (၂)ဦးနှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်တို့အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပါ။

စစ်တွေတွင် ကိုဗစ်တတိယလှိုင်းအတွင်း ဇူလိုင်လ ၁၄ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ (၃)ဦးသေဆုံးသွားပြီဟုလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ယခု (၂)ဦးနှင့်ဆိုလျှင် စစ်တွေတွင် သေဆုံးသူ (၅)ဦးအထိ ရှိလာပြီဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4496545703690805

Leave a Reply

Your email address will not be published.