စစ်တွေတွင် ကိုဗစ်ပိုးတွေ့ရှိသည့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းကို ယာယီ လော့ဒေါင်းချ

By Narinjara/ 2021 July 19

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်ပိုးတွေ့ရှိသည့် ဆရာတော်များ သီတင်းသုံးရာ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းကို ယာယီလော့ဒေါင်းချကာ အသွားအလာကန့်သတ်ထားသည်ဟု သတင်းရရှိသည်။

၎င်းဘုန်းတော်ကြီးကျောင်း (၅) ကျောင်းမှာ စစ်တွေမြို့ အာကျိတ်တော်ကုန်းရှိ ဓာတ်လယ် ကျောင်းတိုက်၊ ရွာကြီးတောင်ရပ်ကွက်မှ မဏိရတနာကျောင်းတိုက်၊ ကျောင်းတက်လမ်းရပ်ကွက်မှ တန်းခိုးကျောင်းတိုက်၊ လမ်းသစ်ရပ်ကွက်မှ ဗောဓိကျောင်းတိုက်နှင့် ဝါဘိုကျေးရွာ ကျောင်းတိုက်တို့ဖြစ်ကြာင်း ပြည်နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဓမ္မသုခကျောင်းတိုက် ဆရာတော်ကြီး ဦးသောမက နိရဥ္စရာသတင်းဌာနသို့ အတည်ပြုမိန့်ကြားသည်။

“ တန်းခိုးကျောင်းလော့ဒေါင်းချတယ်။ မဏိရတနာ လော့ဒေါင်းချတယ်။ ဓာတ်လယ်၊ ဗောဓိကျောင်း လော့ဒေါင်းချတယ်။ နောက်တစ်ပါးက ဝါဘိုကျောင်းကလို့သိရတယ်။ ဘယ်နှစ်ရက် လော့ဒေါင်းချမလဲ ဆိုတာ သတ်မှတ်ချက်မရှိဘူး။ မဏိရတနာကတော့ ကြာပြီပေါ့” ဟုပြောသည်။

စစ်တွေဆေးရုံအုပ်ကြီးဒေါက်တာကြည်လွင်ကလည်း ၎င်းတို့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသူ ဆရာတော် ၆ ပါးခန့်ရှိကြောင်း ပြောကြားသည်။

“ ဆရာတော် ငါးပါးမကဘူး။ ခြောက်ပါးလောက်ရှိတယ်။ အလွတ်မရဘူး။ မဏိရတနာ ဆရာတော်ကြီးကတော့ အောက်ဆီဂျင်ပေးလိုက်၊ ဖြုတ်လိုက်ပါ။ သက်သာရင်ဖြုတ်ထားတယ်” ဟုပြောသည်။

စစ်တွေတွင် ၂၀၂၁ မေလ ၁၂ ရက်နေ့မှ ဇူလိုင် ၁၈ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၂၆၅ ဦးရှိခဲ့ပြီး ယင်းအထဲမှ ၁၆၈ ဦးဆေးရုံက ဆင်းသွားခဲ့ကာ ၈၉ ဦးမှာ လက်ရှိဆေးရုံကြီးတွင် ကုသနေရဆဲ ဖြစ်ကြောင်း၊ သေဆုံးသူမှာ ဇူလိုင် ၁၈ ရက်နေ့ထိ စစ်တွေဆေးရုံတွင် ၈ ဦးရှိကြောင်း Rakhine Covid-19 Watch စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင် ၁၈ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၁၄၄၂ ခန့်အထိရှိလာပြီး သေဆုံးသူ ၄၁ ဦး၊ ဆေးရုံတွင် ကုသနေသူ ၇၂၈ ဦးရှိကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

https://www.facebook.com/narinjara.info/posts/4508704189141623

Leave a Reply

Your email address will not be published.