By Western News/ 2021 July 29
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကိုဗစ်ကာလအတွင်း လူစုလူဝေးပြုလုပ်သည့်နေရာများကို အဆင့်မြင့်အသံများဖြင့် သတိပေးမှုများပြုလုပ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုအတည်ပြုပြောသည်။
ရက္ခိုင့်တပ်တော် AA မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် စည်းကမ်းများကိုမလိုက်နာဘဲ လူစုလူဝေးဖန်တီးနေသည့် စားသောက်ဆိုင်၊ အရက်ဆိုင်၊ ဂိမ်းဆိုင်နှင့် တခြားလူစုသည့်နေရာများကို အဆင့်မြင့်အသံများဖြင့် သတိပေးခြင်းများ ပြုလုပ်ခဲ့သည် ဟုရေးသားထားသည်။
ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအားဆက်သွယ်ရာတွင် စစ်တွေတွင် လူစုလူဝေးဖန်တီး နေသည့် စားသောက်ဆိုင်၊ အရက်ဆိုင်၊ ဂိမ်းဆိုင်နှင့် တခြားလူစုသည့်နေရာများကို အဆင့်မြင့်အသံများဖြင့် သတိပေးခြင်းများ ပြုလုပ်ခြင်းမှာ ဟုတ်မှန်ကြောင်း Western News ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက် ညနေ ၄ နာရီကျော်အချိန်ခန့်တွင် စစ်တွေမြို့ မိဇံရပ်ကွက် ကစ္ဆပနဒီခွဆုံတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး အလားတူ အဝေးပြေးကားအနီးတွင်လည်း ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၉ နာရီကျော်နှင့် ၁၀ နာရီခွဲအချိန်များတွင် ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာထိခိုက်မှုများမရှိခဲ့ကြောင်းသိရသည်။
ယင်းအပြင် ၎င်း၏ ထုတ်ပြန်ချက်တွင် ကိုဗစ်စည်းကမ်းဖောက်ဖျက်သူများထပ်၍တွေ့ရှိလျှင် တခြားနည်းလမ်းများဖြင့် အရေးယူသွားမည်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်သူများမှာ ရောဂါပိုးကိုသယ်ဆောင်ဖြန့်ဖြူးနေသူများဖြစ်ကြောင်းရက္ခိုင့်တပ်တော် AA မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ရေးသားထားသည်။
“Stay at Home ကြေညာထားတဲ့အချိန်မှာ စည်းကမ်းကိုလုံးဝလိုက်နာလေးစားမှုမရှိတဲ့သူတွေဟာ အသိတရားခေါင်းပါးတဲ့ သူတွေ ဖြစ်တယ်။ ရောဂါပိုးကိုသယ်ဆောင်ဖြန့်ဖြူးနေသူလည်းဖြစ်တယ်။ ဒါကြောင့် မိမိတို့ထုတ်ပြန်ထားတဲ့ ကိုရိုနာကူးစက်မြန် သေလွယ်တတ်သောရောဂါနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာဘဲ လူစုလူဝေးဖန်တီးနေတဲ့စားသောက်ဆိုင်၊ အရက်ဆိုင်၊ ဂိမ်းဆိုင်နှင့်အခြားလူအများကြီးစုတဲ့နေရာတွေကို အသံနှင့် သတိပေးတာတွေလုပ်ဆောင်ခဲ့တယ်။ အဆင့်မြင့်အသံထွက်သတိပေးခြင်းဖြစ်တယ်”ဟုရေးသားထားသည်။
ဆက်လက်၍ ကျောက်တော်မြို့ရှိ စျေးရောင်းချနေသူများမှာလည်း ကိုဗစ်စည်းကမ်းလိုက်နာမှုအားနည်းသေးပြီး ရောင်းသူ၊ ဝယ်သူများ အနေဖြင့် သတ်မှတ်ထားသည့်အချိန်အတွင်း ရောင်းဝယ်ရန်နှင့် စည်းကမ်းတကျ ရောင်းဝယ်ကြရန်လည်းဖော်ပြထားသည်။
ရက္ခိုင့်တပ်တော် AA က ရခိုင်တပြည်နယ်လုံးအား ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်န့ထိ Stay at Home ကာလသတ်မှတ်ကြောင်း ဇူလိုင်လ ၂၀ ရက်တွင်ထုတ်ပြန်ထားသည်။
https://www.facebook.com/westernnewsagency/posts/339683067838204