By Narinjara/ 2021 July 27
အောင်ဇံ၊ သျှင်မင်းစံ
ကိုဗစ်ကာလ စစ်တွေမြို့တွင် စားဝတ်နေရေး ခက်ခဲဖြစ်နေကြသည့် မိသားစုများကို တစ်စုလျှင် တစ်ပတ်စာ ကျပ် (၁၂၀၀၀) ဖိုးရှိ ပစ္စည်း(၅)မျိုးကို ကိုဗစ်ကာလ ကူညီထောက်ပံ့ရေးကော်မတီက ထောက်ပံ့ကူညီပေးနေကြောင်း သတင်းရရှိသည်။
အဆိုပါ ကော်မတီကို ရခိုင်မျိုးစောင့်အဖွဲ့(ARG) အပါအဝင် စေတနာ ရှင်များနှင့် လူမှုအဖွဲ့အစည်း (၇) ဖွဲ့ ဖြင့် ပူးပေါင်းဖွဲ့စည်းကာ ဇူလှိုင် (၂၆) ရက်နေ့ကစပြီး စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကူညီထောက်ပံ့ရေး ကော်မတီ ဦးဆောင်သူတစ်ဦးဖြစ်သည့် ရခိုင်မျိုးစောင့်အဖွဲ့ (ARG)၏ ဥက္ကဌ ဖြစ်သူ ဦးဘအေးက ” ငတ်သေမယ့် အခြေအနေကိုရောက်နေကြပြီ။ စားဖို့ ဆန်တောင် မရှိကြတော့ဘူး။ ဟို အီသီယိုးပီးယား အငတ်ဘေးတုန်းကလို ဖြစ်နေကြပြီ။ဒီလူတွေ ဘယ်လိုလုပ် ကိုဗစ်ကာလ ပိတ်ရက်ကို ကျော်နိုင်ကြမလဲဗျာ။ကိုဗစ်ကိုခံနိုင်မယ့်ခံအား ဘယ်လိုရမလဲ။ ဒါကြောင့် ကျွန်တော်တို့က သွားရောက် ကူညီ ထောက်ပံ့နေကြတာပါ” ဟု လက်ရှိ လက်လုပ်လက်စားများ ကို ကူညီထောက်ပံ့ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ထောက်ပံ့ပေးပြီးသည့် နေရာများမှာ စစ်တွေမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရွှေပြား၊ ရွာကြီးမြောက်၊ ကျောင်းကြီးလမ်း၊ မကျည်းမြိုင်၊ ဓညဝတီ ရပ်ကွက်များဖြစ်ကြောင်း၊ ကျန်ရပ်ကွက်များကိုလည်း ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဦးဘအေးက ပြောသည်။
ထောက်ပံ့ပေးသည့် ငွေကျပ် (၁၂၀၀၀) တန်ဖိုး ရှိသည့် ပစ္စည်းများအထဲတွင် ဆန်၊ ဆီ ၊ငရုတ်၊ ပဲ၊ ကြက်ဥပစ္စည်း (၅) မျိုးပါဝင်ပြီး တစ်ပတ်လျှင် တစ်ကြိမ်ကျ ထောက်ပံ့ပေးမည်ဟုဆိုသည်။
“ကျနော်တို့ ရပ်ကွက်တစ်ခုကို တစ်ပတ်စာဘဲ ပေးထားမယ်။ လူတွေက အများပေးမယ်ဆိုရင် လောဘရှိလာတယ်။ မရှိတဲ့ သူတွေကို အမှန်တကယ် ရစေချင်လိုပါ။ အဲကြောင့် တစ်ပတ်စားပေးမယ်။ ကုန်သွားရင် နောက်တစ်ခေါက် တစ်ပတ်စာထပ်ပေး မယ်” ဟု ၎င်းက ဆက်ပြောသည်။
ရခိုင်မျိုးစောင့်အဖွဲ့( ARG) က ဦးဆောင်ပြီး ကိုဗစ်ကာလ ထောက်ပံ့ရေး ကော်မတီကို ဇူလိုင်လ(၂၁) နေ့က ဖွဲ့စည်းခဲ့ပြီး စစ်တွေမြို့တွင် ထောက်ပံ့ ပေးပြီးလျှင် ကျောက်ဖြူ ၊သံတွဲ မြို့များသို့လည်း ဆက်လက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ARG အပါအဝင် တစ်ခြားအဖွဲ့အစည်းများအပြင် စေတနာရှင်များက ထောက်ပံ့ ထည့်ဝင်ငွေ ကျပ်သိန်း( ၃၀၀)ခန့် ရရှိပြီး အခြားအသင်းအဖွဲ့များလည်း ပူးပေါင်းပါဝင်စေလိုကြောင်း ရခိုင်မျိုးစောင့်အဖွဲ့(ARG)က ဖိတ်ခေါ်ထားသည်။
https://www.facebook.com/narinjara.info/posts/4533113793367329