စစ်တွေဆေးရုံတွင် အောက်ဆီဂျင်ပေးထားရသည့်ကိုဗစ်လူနာတစ်ဦး သေဆုံး

By Narinjara/ 2021 July 9

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆေးရုံကြီးတွင် အောက်ဆီဂျင်ပေးထားရသည့်ဗစ်လူနာတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းသေဆုံးသူမှာ စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်မှ အသက် (၇၄)နှစ်အရွယ်အမျိုးသားဖြစ်ပြီး ယမန်နေ့ ဇူလိုင် ၉ ရက်နေ့ညအချိန်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု အလောင်းအား သယ်ယူပို့ဆောင်သင်္ဂြိုလ်ပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ကိုဗစ်လူနာပါ။ ဆေးရုံဘယ်နေ့ကတက်တာလဲဆိုတော့ လူနာတွေများတော့ မမှတ်မိတော့ဘူး။ အောက်ဆီဂျင်ပေးထားရတဲ့လူနာလို့ သိရတယ်။ မနေ့က ညကတည်းက သေဆုံးတာပါ။”ဟုပြောသည်။

သေဆုံးသူအား ယနေ့ နံနက် ၉ နာရီခန့်က ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက သင်္ဂြိုလ်ပေးခဲ့ရသည်ဟုလည်း ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေဆေးရုံအုပ်ကြီးဒေါက်တာကြည်လွင်နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်တို့အား ဆက်သွယ်ရာ ဖုန်းဖြေဆိုခြင်းမရှိခဲ့ပါ။

လက်ရှိ စစ်တွေဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၈၂ ဦးရှိပြီး အောက်ဆီဂျင်ပေးထားရသည့် ကိုဗစ်လူနာအချို့လည်း ရှိနေသေးသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ဇူလိုင်လ ၁ဝ ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၈ ဦးသေဆုံးသွားခဲ့ပြီး လူပေါင်း ၇ဝဝ ကျော် ကူးစက်ခံထားရပြီဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4482023501809692

Leave a Reply

Your email address will not be published.