စစ်တွေဆေးရုံတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကိုဗစ်လူနာ ၁ ဦး သေဆုံး

By Narinjara/ 2021 July 16

အောင်လင်းထွန်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကိုဗစ်လူနာတစ်ဦး ယနေ့ညတွင် သေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာမှ အသက် ၆၅ နှစ်အရွယ်ရှိအမျိုးသမီးဖြစ်ပြီး ဆီးချိုရောဂါအခံရှိသူဖြစ်သည်။

သူမသည် ပုဏ္ဏားကျွန်းဆေးရုံတွင် ဆီးချိုရောဂါဖြင့် ဆေးကုသခံယူနေစဉ် အသက်ရှူမွန်းကျပ်လာသဖြင့် စစ်တွေဆေးရုံသို့ ပိုဆောင်ပြီးနောက် ၅ ရက်အကြာ ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ ည ၉ နာရီခန့်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“သူက ဆေးရုံကိုအသက်ရှူကျပ်တယ်ဆိုပြီးတော့ လာပြတဲ့အခါ အောက်ဆီဂျင်တပ်ထားပြီး positive ဖြစ်နိုင်တယ်ဆိုပြီး စစ်တွေကိုလွှဲပေးလိုက်တာပါ။ စစ်တွေမှာစစ်တော့ ကိုဗစ်ပိုးတွေ့ပါတယ်။ ဒီကနေ့ညမှာပဲ ဆုံးသွားတာပါ။”ဟု ပိုးရွှီပြင်မဟာမိတ်လူမူကူညီရေးအသင်း ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်က ပြောသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာ၌ အနံ့မရသူများစွာရှိနေသည့်အတွက် ကျန်းမာရေးဌာနအနေဖြင့် လာရောက်စစ်ဆေးပေးစေလိုသည်ဟုလည်း သူက ဆက်ပြောသည်။

အဆိုပါကျေးရွာတွင် လူဦးရေ ၆ဝဝဝ ခန့်နေထိုင်ပြီး ကျေးရွာတွင်းရှိ တိုက်နယ်ဆေးရုံတွင်လည်း အောက်ဆီဂျင်များ လိုအပ်လျက်ရှိသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4497837023561673

Leave a Reply

Your email address will not be published.