By Narinjara/ 2021 July 28
ချစ်အိလှိုင်
ရခိုင်ပြည်နယ်စစ်တွေဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက ကိုယ်ဝန်(၈)လနှင့် ကိုဗစ်အတည်ပြု လူနာတစ်ဦး သေဆုံးခဲ့ပြီး ယင်းသေဆုံးသူအပါအဝင် ကိုဗစ်ကြောင့် သေဆုံး ၃ ဦးကို ယနေ့နံနက် သင်္ဂြိုလ်ခဲ့ရကြောင်း စစ်တွေနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးသန်းရွှေက နိရဥ္စရာသတင်းဌာနကို ပြောသည်။
“ ဒီနေ့ကျွန်တော်တို့ ကိုဗစ်နဲ့သေဆုံးတဲ့ သုံးလောင်း သင်္ဂြိုလ်ရပါတယ်။ အဲဒီအထဲမှာ စစ်တွေက အသက်ကြီးပိုင်းနှစ်လောင်းနဲ့ အဲဒီပေါက်တောက ကိုယ်ဝန်သည်အလောင်းပေါ့” ဟုပြောသည်။
ကိုယ်ဝန်ဖြင့် သေဆုံးသူအမျိုးသမီးမှာ ပေါက်တောမြို့နယ်၊ မြောက်ပြင်ကျေးရွာမှ အသက်(၃၁)နှစ်နှင့် ကိုယ်ဝန် (၈)လလွယ်ထားရသူ တစ်ဦးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
၎င်းပြင် ယမန်နေ့က အပြင်မှ သေဆုံး၍ ဆေးရုံကြီးသို့ ပို့လာသူ တစ်ဦးတွင်လည်း ကိုဗစ်ပိုးတွေ့ရှိကြောင်း ဦးသန်းရွှေက ပြောကြားသည်။
“ မနေ့ကအပြင်ကနေလာပို့တဲ့ နောက်တစ်လောင်းကတော့ အတည်ပြုချက်တောင်းနေရလို့ မသင်္ဂြိုလ်ရသေးဘူး။ အခုတော့ ကိုဗစ်လို့အခုသိရပါပြီ။ ဒီတစ်လောင်းနဲ့ ဆိုရင် လေးလောင်းဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်အား နိရဥ္စရာသတင်းဌာနမှ အတည်ပြုချက်ရယူရန် ဆက်သွယ်ရာ ၎င်းမှာ ဖျားနာနေသဖြင့် ဖြေဆိုနိုင်ခြင်းမရှိကြောင်း ပြောသည်။
စစ်တွေဆေးရုံတွင် ယမန်နေ့ ဇူလိုင် ၂၇ ရက်နေ့ ညနေ(၅)နာရီအထိ ကိုဗစ်လူနာ ၄၇၉ ဦးအနက် သေဆုံးသူ ၃ ဦးအထိရှိခဲ့ပြီး ဆေးရုံ တက်ရောက်ကုသနေဆဲလူနာ ၁၇၃ ဦးအထိရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စာရင်းအရသိရသည်။
၎င်းအပြင် ရခိုင်တပြည်နယ်လုံးကိုဗစ်လူနာ ၂၄၃၃ ဦးနှင့် သေဆုံးသူ ၁၂ဝ ဦးအထိရှိလာပြီး လက်ရှိ ၉ဝ၅ ဦးဆေးကုသမှုခံယူနေကြောင်း ယင်းထုတ်ပြန်ချက်စာရင်းအရသိရသည်။
https://www.facebook.com/narinjara.info/posts/4535085613170147