By Western News/ 2021 July 16
ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိထားသည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးရှောင် စခန်းတွင် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှပြောသည်။
ဇူလိုင် ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က အဆိုပါ စစ်ဘေးရှောင်စခန်းမှ လူဦးရေ ၁၂၀ ကိုစစ်ဆေးရာမှ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁ ဦးတို့တွင် ကိုဗစ်ထပ်မံတွေ့ခြင်းဖြစ်သည်ဟု မြောက်ဦးမြို့နယ်ကျန်းမာရေးမှူး ဦးဦးမျိုးလှိုင်က Western News သို့ ပြောသည်။
“ဒီနေ့မနက်ပိုင်းကပေါ့ ကျပန်း လူဦးရေ ၁၂၀ ကို စစ်ဆေးတဲ့အခါ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁ ဦးတို့မှာ ကိုဗစ် ပိုးတွေ့တာပေါ့။ လက်ရှိမှာတေ့ သူတို့ကို စစ်းဘေးရှောင်စခန်းမှာပဲ သီးခြားထားထားတယ်။ ရောဂါ အခံတွေလဲ မရှိဘူး။ ကျန်းမာရေးအခြေ အနေတွေကလည်း ကောင်းတော့ဆေးရုံကို လောလောဆယ်မခေါ်သေးဘူး”ဟုပြော သည်။
၎င်းတို့ ၆ ဦးကို ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရန်အတွက် ကျန်းမာရေးဝန်ထမ်း ၂ ဦးကို ထားထားမည်ဖြစ်ပြီး စစ်ဘေးရှောင်စခန်းကို ၁ ပတ်တိတိ လော့ဒေါင်းချထားမည်ဟုလည်း မြောက်ဦးမြို့နယ်ကျန်းမာရေးမှူး ဦးဦး မျိုးလှိုင်ကဆက်ပြောသည်။
“လောလောဆယ်သူတို့ကို ဒီမှာထားပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဖို့ အောက်ဆီဂျင်တွေဘာတွေတိုင်းဖို့ ကျန်းမာရေးဝန်ထမ်း ၂ ဦးထားခဲ့မယ်။ သူတို့ကို အခြေအနေတွေဆိုးလာမှပဲ ဆေးရုံကိုယူဆောင်မှာပါ”ဟုပြော သည်။
ကျန်မားရေးရေးဌာနမှ ဆေးဝါးပစ္စည်းများနှင့် mask များပါပေးခဲ့သည်ဟု စစ်ဘေးရှောင်စခန်းက တာဝန်ရှိသူ များကပြောသည်။ အဆိုပါ စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၇၅၅စုနှင့် လူဦးရေ ၃၉၀၁ဦးရှိသည်။
ရခိုင်တွင် ကိုဗစ်တတိယလှိုင်း ၂ လကျော်အတွင်း ရောဂါပိုးတွေ့ရှိသူများမြင့်တက်လာနေပြီး လက်ရှိတွင် အတည်ပြုလူနာ ၁၂၀၀ နီးပါထိရှိလာပြီဖြစ်ကာ ပိုးကူးစက်ခံရပြီးသေဆုံးသူ ဇူလိုင် ၁၅ ရက်နေ့ ညနေပိုင်းအထိ ၂၆ ဦးထိရှိပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိရသည်။
https://www.facebook.com/westernnewsagency/posts/331125282027316