စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းရှိ ကိုဗစ်ပိုးတွေ့လူနာများ ဆေးရုံးဆင်းခွင့်ရ၍ စခန်းအား lockdown ပြန်ဖွင့်

By Development Media Group (DMG)/ July 28

ကိုဗစ်ပိုးတွေ့လူနာ ၇ ဦးအထိရှိခဲ့သည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ ပိုးတွေ့လူနာများမှာ ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံးမှဆင်းသွားကြပြီးဖြစ်သောကြောင့် စခန်းအား ဇူလိုင်လ ၂၃ ရက်နေ့မှစပြီး Lock down ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်ပိုးတွေ့လူနာများ ကျန်းမာရေးကောင်းမွန်းလာသဖြင့် မြောက်ဦးမြို့နယ်ကျန်းမာရေးဌာနအနေဖြင့် ဆေးရုံးဆင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းနှင့် စခန်းကိုလည်း lock down ဖွင့်လိုက်ပြီးဖြစ်ကြောင်း မြောက်ဦးမြို့နယ်ကျန်းမာရေးမှူး ကိုမျိုးလှိုင်က ပြောသည်။

“စခန်းမှာထားတဲ့ ခြောက်ယောက်လည်း မနေညကတည်းက ဆင်းသွားပါပြီး၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းကိုလည်း ၂၃ ရက်နေ့ကတည်းက lock down ဖွင့်ပေးလိုက်ပါပြီ” ဟု ပြောသည်။

“အခုနောက်ပိုင်း lock down ဖွင့်၊ မဖွင့်ကတော့ ဒေသန္တာရ အနေအထားနဲ့ပဲဆိုင်မယ်၊ ကျန်းမာရေးကတော့ လွှတ်ထားပြီးပြီပေါ့” ဟု ကိုမျိုးလှိုင်က ဆက်ပြောသည်။

ကျန်းမာရေးဌာနအနေဖြင့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ လူနာများကို ဆေးရုံဆင်းခွင့်ပြုကာ စခန်းအား lock down သတ်မှတ်ထားရာမှ ပြန်လည်ဖွင့်ပေးပြီးဖြစ်သော်လည်း စခန်းအားဝင်ထွက်မှုကို စခန်းတာဝန်ရှိသူများမှ ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် အဆိုပါစခန်းမှ စစ်ဘေးရှောင်များမှာ အပြင်မထွက်ရဘဲ တာရှည်လာပါက စားဝတ်နေရေး အခက်အခဲဖြစ်မည်ကို စိုးရိမ်မှုရှိနေကြသည်။

စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ ဦးဦးစောသိန်းက “သူတို့တွေနေပြန်ကောင်းကြပေမဲ့ စခန်းကလူတွေကိုတော့ အဝင်အထွက် ကန့်သတ်ထားပါသေးတယ်။ စားဝတ်နေရေးအနေနဲ့ ကတော့ အပြင်မထွက်ကြရတော့ ဆန်ကလွဲပြီး ကျန်တဲ့အပိုင်းတွေက ခက်ခဲတာပေါ့၊ ဆန်လည်း လကုန်တော့မယ်ဆိုတော့ အများကြီးလည်း ဖူလုံမှုရှိမနေဘူးလေ။ စခန်းကိုလည်း lock down လုပ်လိုက်ကတည်းက အလှူရှင်တွေလည်း လုံးဝမရှိသလောက်နည်းသွားတော့ အခက်အခဲတွေများနေတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် အဆိုပါစခန်း၌ ကိုဗစ်ပိုးတွေ့လူနာ ၇ ဦးတွေ့ရှိခဲ့ပြီးနောက် စခန်းအား lock down လုပ်လိုက်ခြင်းဖြစ်သည်။

ကိုဗစ်းပိုးတွေ့လူနာများတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၆ ဦးပါဝင်ပြီး ယင်းအထဲတွင် အသက် ၁၁ နှစ်နှင့် ၁၅ နှစ်အရွယ်ကလေးငယ်နှစ်ဦးပါဝင်ကြောင်းလည်း သိရသည်။

စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၇၇၅ စုနှင့် လူဦးရေ ၃၉၀၀ ကျော်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၅၈ ဦးနှင့် သေဆုံးသူ ၃ ဦးရှိကြောင်း ပြည်နယ်ကောင်စီ၏ ဇူလိုင်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2071868969632170

Leave a Reply

Your email address will not be published.