ကျောက်ဖြူသို့လာမည့် ခရီးသည်များ ရပ်/ကျေးထောက်ခံစာမပါရှိပါက Q ဝင်ရမည်

By Development Media Group (DMG)/ July 9

နေရာဒေသအသီးသီးမှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ လာရောက်မည့် ခရီးသည်များအနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာပါရှိရမည်ဖြစ်ပြီး ထိုသို့မပါရှိပါက Quarantine (၁၁)ရက် ဝင်ရောက် ရမည်ဖြစ်ကြောင်း ကျောက်ဖြူခရိုင်ကောင်စီမှ ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၁ ရက်နေ့မှစတင်ကာ ရပ်/ကျေးထောက်ခံစာမပါရှိဘဲ ကျောက်ဖြူမြို့သို့ ဝင်ရောက်လာသူများကို ယင်းသို့ Quarantine ထားရှိသွားမည်ဖြစ်သည်ဟု ကျောက်ဖြူမြို့နယ် ကိုဗစ်ကာကွယ်တားဆီးရေးကော်မတီမှ အဖွဲ့ဝင် ကိုလှမျိုးကျော်က DMG သို့ ပြောသည်။

“ဘယ်နေရာကလာတဲ့သူမဆို မိမိလာတဲ့နေရာကနေပြီးတော့ ထောက်ခံစာပါရမယ်။ အဲဒါကတော့ ကျောက်ဖြူကို လာတဲ့သူအကုန်လုံးပါ။ အဲဒီလို ထောက်ခံစာမပါဘူးဆိုရင် ကျနော်တို့ Stay Home ဆိုပြီးတော့ ၁၁ ရက်ထားပြီးတော့ Swab Test ၂ ကြိမ် အစစ်ခံရပါမယ်” ဟု ၎င်းကဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် COVID-19 တတိယလှိုင်းတွင် ရောဂါပိုးကူးစက်မှုမြန်ဆန်သည့်အတွက် ကိုဗစ် စည်းကမ်းများကို စနစ်တကျဆောင်ရွက်သင့်ကြောင်း ကျောက်ဖြူဒေသခံ ကိုထွန်းကြည်က အကြံပြု ပြောဆိုသည်။

“အခုလို့ လုပ်တာကကောင်းပါတယ်။ အခုလက်ရှိဖြစ်နေတဲ့ တတိယလှိုင်းက အရင်ဖြစ်ခဲ့တဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေထက် ကူးစက်မှုပိုမြန်တယ်ဆိုတော့ ဒါတွေကို စည်းကမ်းတကျလိုက်နာဆောင်ရွက်ဖို့ လိုပါ တယ်။ အဲဒါကြောင့် မြို့အဝင်၊ အထွက်တွေကို စနစ်တကျဆောင်ရွက်ဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၂၂ ဦးအထိ ရှိနေကြောင်း သိရသည်။ ရခိုင်ပြည်အတွင်းတွင် ဇူလိုင် ၈ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၆၆၇ ဦးရှိပြီး ယင်းအထဲမှ ၁၀၈ ဦးမှာ ဆေးရုံမှဆင်းခွင့်ရရှိကာ သေဆုံးသူ ၇ ဦးအထိရှိကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2057155421103525

Leave a Reply

Your email address will not be published.