ကျောက်ဖြူမြို့ ဦးဥတ္တမပန်းခြံဖြစ်မြောက်ရေး ဦးဆောင်ဦးရွက်ပြုခဲ့သောမူလာရာမကျောင်းတိုက် ဆရာတော်ပျံလွန်တော်မှု

By Narinjara/ 2021 July 28

အေးမြတ်ခိုင်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကုလာဘာရပ်ကွက်၊ မူလာရာမကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တအင်္ကုရ သည် သက်တော်(၇၂)နှစ်၊ ဝါတော်(၅၂)ဝါတွင် ဆီးအိမ်ကင်ဆာရောဂါဖြင့် ဇူလိုင်လ (၂၇)ရက်၊ အင်္ဂါနေ့ ညနေ (၆)နာရီ အချိန်တွင် ပျံလွန်တော်မူသွားကြောင်း သတင်းရရှိသည်။

ဆရာတော်ကြီးသည် ၈၈ အရေးအခင်း၊ ရွှေဝါရောင်အရေးအခင်းတို့တွင် ရှေ့ဆုံးက ပါဝင်ခဲ့သည် သာမက ကျောက်ဖြူမြို့နယ် သံဃာ့မဟာနာယက ဆရာတော်ကြီး (၄)ပါးထဲတွင် တစ်ပါး အပါအဝင် ဖြစ်ကြောင်း၊ ကျောက်ဖြူမြို့ ဦးဥတ္တမပန်းခြံဖြစ်မြောက်အောင် အဓိကဦးစီးဦးဆောင်ပြုခဲ့သည့် ဆရာတော်ဖြစ်ကြောင်း ကျောက်ဖြူ ရတနာ့ဗိမာန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝရက နိရဥ္စရာသို့ မိန့်ကြားသည်။

“ဆရာတော်ကြီးက ၈၈ အရေးအခင်း၊ ရွှေဝါရောင် အရေးအခင်းတွေမှာ ရှေ့ဆုံးကပါဝင်ခဲ့တယ်။ ပြီးတော့ ဆရာတော်တို့ ကျောက်ဖြူမြို့မှာ ANP ပါတီနဲ့ ဖြစ်မြောက်ရေးကော်မတီတွေကို ဒီနဒီသောင်ယံ ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ်လုပ်ပြီး ဦးဥတ္တမရုပ်ထုထားရှိမယ် ဆိုပြီး ဆရာတော်ကြီးက နှိုးဆော်တိုက်တွန်းတယ်။ ဖြစ်မြောက်အောင်လည်း လုပ်ခဲ့တယ်။ နောက်ပြီး နယ်အသီးသီးကလာတဲ့ ပညာမသင်နိုင်တဲ့ ကလေးတွေကိုခေါ်ယူပြီး ကျောင်းမှာဆရာဆရာမတွေနဲ့ အခမဲ့ ပညာသင်ကြားပို့ချပေးတယ်။ မပျံလွန်ခင်ထိ လုပ်နေသေးတယ်” ဟု မိန့်ကြားသည်။

ဆရာတော်ကြီး ဆီးအိမ်ကင်ဆာဖြစ်နေသည်မှာ ၈ နှစ်လောက်ရှိနေပြီဖြစ်ပြီး ရန်ကုန်ပင်လုံ ဆေးရုံတွင် ဆေးကုသမှုခံယူနေရာမှ ဝါမဝင်ခင် ( ၁၀) ရက်လောက်က ကျောက်ဖြူသို့ ပြန်လည် ရောက်ရှိ လာခြင်းဖြစ်သည်ဟု ရတနာ့ဗိမာန်ကျောင်းတိုက် ဆရာတော်မှ မိန့်ကြားပသည်။

“ဆရာတော်ကို အသည်းအသန်ဖြစ်လို့ ကျောက်ဖြူဆေးရုံကိုတင်တာ ဆေးရုံအရောက်မှာဘဲ ပျံလွန်တော်မူသွားတယ်။ ရန်ကုန်က ပင်လုံ ဆေးရုံမှာလည်း နှစ်လ တစ်ခါ၊ တစ်လတစ်ခါ သွားပြ နေရတာ လေးနှစ်လောက်ရှိပြီ။ နောက်ဆုံးအခြေနေမကောင်လို့ လေယာဉ်နဲ့ ပြန်ကြွလာတာ။ ဆရာတော်က ကိုယ့်ကျောင်းမှာပဲ ဝါဆိုချင်တယ်ပြောလို့ ပြန်လာတာ။ နောက်ဆုံး ခေါင်းချချင်လို့ဖြစ်မယ် ကိုယ့်ကျောင်းမှာ”ဟု ပြောသည်။

လောလောဆယ်တွင် ဆရာတော်၏ ရုပ်အလောင်းကို အအေးခန်းတွင် ထည့်ထားပြီး တပည့်တကာများ စုံညီသည့်အခါ ကိုဗစ်စည်းကမ်းနှင့်အညီ အကျဉ်းချုပ်နိဗ္ဗာန်ကျောင်းကို တင်ထားမည် ဖြစ်ကြောင်း၊ တပည့် တကာ တကာမများဖြင့် အစည်းအဝေး ပြုလုပ်ပြီး ဆရာတော်၏ ဂုဏ်ကျေးဇူးကိုဆပ်သည့် အနေဖြင့် ကိုဗစ်ကင်းစင်သည့်အခါ အန္တိမဈာပနပွဲတော်ကို ဆောင်ရွက်သွားမည်ဟု ပြောသည်။

ဆရာတော်ကြီး၏ တပည့်တကာတစ်ဦးဖြစ်သူ Kyauk Phyu Youth ပရဟိတအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ အလယ်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးကျော်ဝင်းက “ဆရာတော်ကြီးဟာ ကျွန်တော်တို့ မြို့မှာဆိုလည်း အမျိုးသားရေး ပရဟိတအရေးမှာ ဦးစီး ဦးဆောင်လုပ်နေတဲ့ ဆရာတော်ကြီး တစ်ပါးဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ လမ်းညွှန်မှုကြောင့် ကျွန်တော်တို့လည်း ပရဟိတလုပ်ဖြစ်လာတယ်။ ဒါပေမယ့် အခုဆရာတော်ကြီး ပျံလွန်တော် မူသွားတဲ့အခါ ကျွန်တော်တို့ အတွက် အခေါင်မိုးကြီးတစ်ခု လစ်ဟင်းသွားသလို ခံစားရတယ်”ဟု ပြောသည်။

Kyauk Phyu Youth ပရဟိတအဖွဲ့ ဒုဥက္ကဌကိုထူးသာကလည်း “ဆရာတော်ကြီးက မြို့အကျိုးအတွက် ဖြစ်ဖြစ်၊ အမျိုးသားရေးအတွက်ဖြစ်ဖြစ် ဆောင်ရွက်တဲ့ သံဃာ့မဟာနာယက ဆရာတော် (၄)ပါးထဲက တစ်ပါး အပါအဝင်ဖြစ်တယ်။ ကျောင်းမှာလည်း ကျွန်တော်တို့ ငယ်ငယ်ကတည်းက မိဘမဲ့တွေ မတက်နိုင်တဲ့လူတွေကို ကျောင်းမှာထားပြီး စာသင်ပေးတယ် အင်ဂျင်နီယာဖြစ်သွားတဲ့လူတွေလည်း ရှိတယ်။ ဆရာတော်ပျံသွားတာ အားလုံးက စိတ်မကောင်းဖြစ်နေကြပါတယ်” ဟု ပြောသည်။

https://www.facebook.com/narinjara.info/posts/4535935259751849

Leave a Reply

Your email address will not be published.