ကျောက်ဖြူမြို့ ဂျပန်ဘုရားအနီးတွင် ကုမ္ပဏီတစ်ခုမှ အမှိုက်များလာရောက်စွန့်ပစ်မှုရှိနေ

By Western News/ 2021 July 4

ဓာတ်ပုံ- Ko Ko Kpu နှင့် Kyaukphyu Thar- ကုမ္ပဏီက အမှိုက်များလာရောက်စွန့်ပစ်ခဲ့ပြီး အမှိုတ်များအား ပြန်လည်သိမ်းဆည်းခဲ့သည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် လူအများအပန်းဖြေရာ ပင်လယ်ကမ်းစပ်တစ်နေရာဖြစ်သည့် ဂျပန်ဘုရားအနီး ၌ ကုမ္ပဏီတစ်ခုမှ အမှိုက်များလာရောက် စွန့်ပစ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ကျောက်ဖြူ၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ဂျပန်ဘုရားအနီးနှင့် သာသနာ ၂၅၀၀ ဘုရားအနီး ပင်လယ်ကမ်း စပ်နေရာများတွင် ကုမ္ပဏီတစ်ခုမှ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်နေသည်ကိုတွေ့မြင်ခဲ့ရကြောင်း ကျောက်ဖြူဒေသခံ တစ်ဦးဖြစ်သည့် ကိုစိုးမိုးကျော်က ပြောသည်။

“မနေ့ညက ကျနော်ဘုရားသွားတယ်။ သွားတဲ့အခါ အဲဒီနားမှာ ကုမ္ပဏီတစ်ခုကကားတွေနဲ့ အမှိုက်ပစ်နေတာ ကိုတွေ့တယ်။ ကျနော်တို့က လူငယ်တွေစုပြီး စနေနေ့တိုင်း အမှိုက်ကောက်ကြတယ်။ အဲဒီနားမှာ အမှိုက်တွေ ပစ်ထားတာကို မကြာခဏတွေ့ရတော့ တရားခံရှာနေတာပေါ့နော်။ အဲဒီမှာ သူတို့ပစ်နေတာနဲ့ကြုံတာပါ။ သူတို့ကိုနစ်နာစေချင်တဲ့ စိတ်နဲ့တော့မဟုတ်ပါဘူး။ အမှိုက်ကို ကောက်တဲ့သူကကောက် ပစ်တဲ့သူကပစ်နေတဲ့ ပုံစံမျိုးနဲ့ဆိုအဆင်မပြေလို့ပါ”ဟုဆိုသည်။

ဂျပန်ဘုရားအနီးတွင် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များကို အမြဲတမ်းလိုလိုတွေ့ရကြောင်း မည့်သည့်နေရာမှ လာပစ်သည်ကို သေချာမသိကြောင်း ၎င်းနေရာမှာ မြို့နေလူထု၏ အပန်းဖြေသည့်နေရာတစ်ခုဖြစ်သည့် အတွက် အမှိုက်များစွန့်ပစ်ခြင်းကို မပြုလုပ်သင့်ကြောင်း မြို့သန့်ရှင်းရေးကိုလုပ်ဆောင်နေသည့် သန္ထာရင်သွီး အဖွဲ့၏ ဥက္ကဋ္ဌ ကိုနေစိုးခိုင် ကပြောသည်။

“အဲဒီနေရာမှာ စွန့်ပစ်အမှိုက်တွေရှိနေတာက အမြဲတမ်းပါပဲ။ ကျနော်တို့က မြို့ထဲရှိတဲ့ လူငယ်အဖွဲ့တွေပေါင်းပြီး အမှိုက်ကောက်ကြတော့ သိတာပေါ့နော်။ ဘယ်ကလာပစ်ထားတယ်ဆိုတာ သေချာတော့မသိပါဘူး။ ဟိုတနေ့ကတော့ ကုမ္ပဏီတစ်ခုကလာပစ်နေတာကို လူမှုကွန်ရက်ပေါ်မှာတော့တွေ့လိုက်တယ်။ ဓာတ်ပုံရိုက်တင်တဲ့သူနဲ့ ထိပ်တိုက်ကျ သွားတယ်နဲ့တူပါတယ်။ အဲဒီနေရာက မြို့ရဲ့တကယ့်အထင်ကရနေရာ တစ်ခုဖြစ်တယ် အဲဒါကြောင့် အနီးအနားမှာတော့ အမှိုက်တွေကို စည်းကမ်းမဲ့တော့မပစ်သင့်ပါဘူး” ဟုဆိုသည်။

၎င်းနေရာအပြင် ကျောက်ဖြူမြို့၏ မြို့ဆိုင်းဘုတ်အနီးနှင့် ပွိုင့်ကြားတို့တွင်လည်း ကုမ္ပဏီတံဆိပ်များပါသည် တစ်ခါသုံး ကော်ဖီခွက်များနှင့် တံဆိပ်ပါသည့် တစ်ခြားစွန့်ပစ်ပစ္စည်းများကို အမှိုက်ကောက်ရာ၌ အမြဲတမ်း လိုလိုတွေ့ရကြောင်း သူကဆက်ပြောသည်။

ဂျပန်ဘုရားကမ်းစပ်အနီးတွင် ကုမ္ပဏီမှဝန်ထမ်းများအနေဖြင့် နေရာမှား၍ အမှိုက်ပစ်မိခြင်းဖြစ်ကြောင်း အမှိုက်များကို ပြန်လည်သိမ်းယူပြီး ဖြစ်ကြောင်း အမှိုက်ပစ်ခဲ့သည့် RJ Security Service ကုမ္ပဏီမှ မန်နေဂျာမှ ပြောသည်။

“ဝန်ထမ်းတွေက နေရာမှားပြီးသွားပစ်တာပါ။ သွားပစ်ပြီး မှားမှန်းသိတာနဲ့ နာရီပိုင်းအတွင်းပဲ ပစ်မိတဲ့ အမှိုက် ၇ အိပ်ကိုပြန်သွား သိမ်းပြီးပါပြီ။ မှားခဲ့တာအတွက်လည်း ပြန်တောင်းပန်ထားပါတယ်။ မသိလို့မှားပြီး ပစ်မိတာပါ”ဟု ပြောသည်။

ဤကဲ့သို့ ဘုရားအနီးကမ်းစပ်တစ်လျှောက် စွန့်ပစ်အမှိုက်များနှင့်ပတ်သက်၍ မည်သို့တာဝန်ယူလုပ်ဆောင်ထားမှု များရှိကြောင်း ကျောက်ဖြူမြို့နယ်စည်ပင်ဌာနအား မေးမြန်းကြည့်ရာ မြို့တွင်းဧရိယာမဟုတ်၍ စည်ပင်နှင့်သက် ဆိုင်ခြင်းမရှိကြောင်း ဦးစီးမှူးမှပြောသည်။

“အဲဒီအနီးမှာ စည်ပင်ကအမှိုက်ပစ်ရမယ့် ဧရိယာသတ်မှတ်ထားတာမရှိပါဘူး။ အဲဒီနေရာက မြို့ဧရိယာပြင်ပ ကျတယ်လေ။ အဲဖက်တွေက စည်ပင်နဲ့သိပ်မဆိုင်ပါဘူး။ အဲဒီအနီးအနားမှာရှိတဲ့ သူတွေနဲ့ပဲ ဆိုင်ပါတယ်။ အဲဒီအနီးနားမှာက တပ်ဧရိယာတွေများတယ်။”ဟုဆိုသည်။

ကျောက်ဖြူမြို့၏ မြို့ဧရိယာသန့်ရှင်းရေးကို မြို့နယ်စည်ပင်အပြင် အရပ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် သန္တာရင်သွီး၊ Clean Kyauk Phyu နှင့် Forever United Youth တို့မှ အပါတ်စဉ်တိုင်း စုပေါင်း၍အမှိုက်ကောက်သည့် လုပ်ငန်းစဉ်များ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

https://www.facebook.com/westernnewsagency/posts/323104046162773

Leave a Reply

Your email address will not be published.