By Narinjara/ 2021 July 13
ထက်အောင်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့ ည ၁၁ နာရီခန့်က ခရိုင်အဆင့် ဒုရဲမှူးတစ်ဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
၎င်းဒုရဲမှူးသည် အသက် (၅၆) နှစ်အရွယ်ဖြစ်ပြီး ဆီးချိုနှင့် သွေးတိုး ရောဂါအခံများရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်အတွင်း နာရေးကူညီမှုလုပ်ငန်းများဆောင်ရွက်နေသည့် လေးဝတီ- ကုလရက္ခိတ ပရဟိတအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီးက “ဇူလိုင်လ ၁၁ ရက်နေ့က သူ့မှာ ကိုဗစ်ပိုးတွေ့တယ်။ ပိုးတွေ့တာကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရင်း ဆုံးသွားတာ။ ဆေးရုံမှာ ထားတော့ အသက်ရှူကျပ်လာပြီးတော့ အောက်ဆီဂျင်ပေးထားရတယ်။ မနေ့က ညမှာပဲဆုံးသွားတယ် ” ဟု ဆိုသည်။
ကိုဗစ်ကြောင့် သေဆုံးသွားသည့် ရဲအရာရှိအား ယနေ့ ဇူလိုင်လ ၁၃ ရက်၊ နံနက် ၉ နာရီကျော်တွင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ကျောက်ဖြူဆေးရုံအုပ် ဒေါက်တာရဲလွင်မောင်တို့အား ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
လက်ရှိဖြစ်ပွားနေသော ကိုဗစ် ၁၉ တတိယလှိုင်း၌ ကျောက်ဖြူမြို့နယ်အတွင်း ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီးနောက် သေဆုံးသူ (၃) ဦးထိရှိလာပြီး ဇူလိုင်လ (၁၁) ရက်နေ့က အမျိုးသားတစ်ဦး၊ ဇူလိုင် (၁၂) ရက်နေ့က အစိုးရဝန်ထမ်းတစ်ဦးနှင့် ဒုရဲမှူးတစ်ဦးတို့ ဖြစ်ကြသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ပိုးကူးစက်ခံရပြီး သေဆုံးသူ (၁၇) ဦးအထိရှိလာနေပြီး ၎င်းတို့မှာ ကျောက်ဖြူမှ (၃) ဦး၊ စစ်တွေ (၃) ဦး၊ မောင်တော (၅) ဦး၊ တောင်ကုတ် (၃)ဦး၊ သံတွဲ (၂) ဦးနှင့် ဂွမြို့နယ်မှ (၁) ဦးတို့ ဖြစ်ကြောင်း ကျန်းမာရေးဌာန၏ စာရင်းများအရ သိရသည်။
https://www.facebook.com/narinjara.info/posts/4491178527560856