By Narinjara/ 2021 July 12
ချစ်အိလှိုင်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ခရိုင်ဦးစီးမှူးအဆင့် အစိုးရအရာရှိတစ်ဦး ကိုဗစ်ကူးစက်ခံရပြီးနောက် ယနေ့ နေ့လယ် ၂ နာရီကျော်က ကျောက်ဖြူဆေးရုံတွင် သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။
၎င်းမှာ ကိုဗစ်ကူးစက်ခံပြီးနောက် ကျောက်ဖြူဆေးရုံကြီးတွင် အောက်ဆီဂျင်ပေးထားရသူဖြစ်ကြောင်း ကျောက်ဖြူဆေးရုံမှ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတစ်ဦးက နိရဥ္စရာသတင်းဌာနအားပြောသည်။
အဆိုပါကိစ္စမှာဟုတ်မှန်ကြောင်း ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြင့်စိုးက အတည်ပြုသည်။
“ရောဂါအခံရှိတယ်။ အစတည်းက အသက်ရှုကျပ်နေတာပေါ့နော်။ အသေးစိတ်တော့ ဆရာဝန်ကြီးကို မေးတာကောင်းပါမယ်။ ဆရာဝန်ကြီးကတော့ ရောဂါအခံရှိတယ်လို့တော့ ပြောတယ်” ဟုပြောသည်။
ကျောက်ဖြူဆေးရုံအုပ်ကြီးဒေါက်တာရဲလွင်မောင်အား ၄င်းကိစ္စဖြင့် အသေးစိတ်မေးမြန်းရန် ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မှုမရရှိခဲ့ပါ။
ကျောက်ဖြူတွင် ယမန်နေ့ (ဇူလိုင် ၁၁ ရက်)ကလည်း အသက် အရွယ်၅၆နှစ်အရွယ်အမျိုးသားတစ်ဦး ကိုဗစ်ဖြင့်သေဆုံးခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီးသေဆုံးသူ ၁၅ဦးအထိရှိလာပြီးဖြစ်သည်။
၄င်းတို့မှာ ကျောက်ဖြူမှ ၂ ဦး၊ စစ်တွေမှ ၃ ဦး၊ တောင်ကုတ်မှ ၂ ဦး၊ သံတွဲမှ ၂ ဦး၊ ဂွ မှ ၁ ဦးနှင့် မောင်တောမြို့နယ်မှ ၅ ဦး ၊ စုစုပေါင်း ၁၅ ဦးဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4488588061153236