ကျောက်ဖြူတွင် ကိုဗစ်ဖြင့်ဆေးရုံတက်ရောက်ကုသနေရသူ အသက် ၁ဝဝ အရွယ်အဖိုးအိုတစ်ဦးဆေးရုံကဆင်းခွင့်ရ၊ ကျောက်ဖြူတွင်ဆင်းခွင့်ရသူ ၈၄ ဦးရှိ

By Narinjara/ 2021 July 25

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ဆေးရုံကြီးမှ ယနေ့နံနက်ပိုင်းက ကိုဗစ်လူနာဖြင့် တက်ရောက် ကုသနေရသူ အသက်(၁ဝဝ)အရွယ် အဖိုးအိုတစ်ဦး ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး စုစုပေါင်း ကျောက်ဖြူဆေးရုံကြီးမှ ရောဂါသက်သာ၍ ဆင်းခွင့်ရရှိသူမှာ ၈၄ ဦးရှိပြီဟု သတင်းရရှိသည်။

ကျောက်ဖြူမြို့လေးဝတီကုလရက္ခိတ-ပရဟိတအသင်း ဥက္ကဋ္ဌကိုဂျပန်ကြီးက “ဝမ်းသာစရာပါ။ အဲဒီအဖိုးက ဆေးရုံတက်တာ ၁၁ ရက်ပြည့်လို့ဆင်းခွင့်ရရှိခဲ့တာပါ။ရောဂါအခံလည်းမရှိတော့ သက်သာသွားတာပါ။ သူ့အိမ်ကိုဒီနေ့မနက်ကပဲ ပို့ပေးလိုက်ပါပြီ။ ဒီနေ့ ကျောက်ဖြူမှာ ဆင်းခွင့် ရရှိတဲ့လူ ၁ဝ ယောက်လောက်ရှိနိုင်တယ်။ စာရင်းမကြည့်ရသေးဘူး” ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

၎င်းအဖိုး အပါအဝင် ယနေ့ ဆေးရုံဆင်းခွင့်ရရှိသူတချို့တွင် ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်မှ ပါဝင်ကြောင်း၊ ယခုကဲ့သို့ ဆေးရုံက ဆင်းခွင့်ရ၍ ဝမ်းသာမိကြောင်း နေအိမ်သို့ ပို့ဆောင် ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကျောက်ဖြူဆေးရုံအုပ်ဒေါက်တာ ရဲလွင်မောင်က ၎င်းထံသို့ ဆေးရုံဆင်းခွင့်ရရှိသူ စာရင်း တင်ပြလာခြင်းမရှိသေးသဖြင့် အတိအကျဖြေဆိုနိုင်ခြင်းမရှိသေးကြောင်း ယနေ့ နေ့လယ် ၁ နာရီက မေးမြန်းစဉ် ပြောကြားသည်။

ကျောက်ဖြူဆေးရုံတွင် ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂၁၇ ဦးရှိပြီး ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရရှိခဲ့သူ ၈၄ ဦးရှိကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ချက်အရသိရသည်။

https://www.facebook.com/narinjara.info/posts/4526502790695096

Leave a Reply

Your email address will not be published.