By Narinjara/ 2021 July 14
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ မြို့နယ်လဝကဌာနမှ မြို့နယ်လဝကမှူးတွင် ယနေ့ ကိုဗစ်ပိုးတွေ့ရှိထားသည်ဟု သိရသည်။
အသက် (၅၁ နှစ်)အရွယ်ရှိ ကျောက်တော်မြို့နယ်လဝကမှူးသည် ပြီးခဲ့သည့်ရက်ပိုင်းက လည်ချောင်းနာ၊ ချောင်းဆိုးပြီး အနံ့မရဖြစ်လာသည့်အတွက် ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲက မြို့နယ်ဆေးရုံတွင်သွားရောက်ဆေးစစ်ခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ကျနော်တို့ရုံးဆိုတာကလည်း သိတဲ့အတိုင်းပဲပေါ့နော်။ လူတွေက များတယ်လေ။ နောက်ပြီး ပန်းခင်းစီမံချက်တွေဘာတွေလည်း လုပ်နေရတယ်ဆိုတော့ အုန်းအုန်းထနေတာ။ ဘယ်ကနေ ဘယ်လိုပါလာမှန်းတော့ မသိဘူးပေါ့ဗျာ။”ဟု ကျောက်တော်မြို့နယ် လဝကရုံးမှ နောက်ထပ်လဝကမှူးဖြစ်သူ ဦးအေးခိုင်က နိရဥ္စရာကိုပြောသည်။
ကိုဗစ်ကူးစက်ခံရသည့် ကျောက်တော်မြို့နယ်လဝကမှူးသည် လက်ရှိတွင် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။
ကျောက်တော်မြို့နယ်လဝကရုံးတွင် ယခုကဲ့သို့ ကိုဗစ်ကူးစက်မှုရှိလာနေသည့်အတွက် လက်ရှိတွင် ရုံးသို့ ပြည်သူများလာရောက်ပါက လက်မခံဘဲ ပြန်လွှတ်ကာ ရုံးတွင်းလုပ်ငန်းများကို ရုံးဝန်ထမ်းသီးသန့်ဖြင့်သာ လုပ်ဆောင်နေသည်ဟု ပြောသည်။ မြို့တွင်းမှလာရောက်တာဝန်ထမ်းဆောင်သည့်ရုံးဝန်ထမ်းများသည်လည်း လက်ရှိတွင် အခြေအနေစောင့်ကြည့်နေကြသည်ဟုလည်း ဆိုကြသည်။
“ရုံးကို Lockdown ချမဲ့အစီအစဉ်တော့ မကြားသေးဘူး။ ပြည်နယ်ကညွှန်ကြားတာကတော့ လောလောဆယ်တော့ အလုပ်ရှိရင်တော့ လုပ်ပေါ့နော်။ အလုပ်လုပ်ဖို့တော့ ပြောထားတယ်။ ရုံးမှာလုပ်ပေါ့။ မရှိတဲ့သူတွေကျတော့ Stay at Home ပေါ့။”ဟု ဦးအေးခိုင်က ပြောသည်။
ကျောက်တော်လဝကရုံးတွင် ဝန်ထမ်း စုစုပေါင်း (၁၃)ဦးရှိသည်ဟုလည်း သိရသည်။
လက်ရှိ ကျောက်တော်မြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်ကူးစက်ခံထားရသူ ၂၂ ဦးရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ၁၃ ဦးတက်ရောက်နေကြသည်ဟုလည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
https://www.facebook.com/narinjara.info/posts/4493705017308207